




၂၁.၆.၂၀၂၆
Written by Linn Eain
(၁၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် အခမ်းအနားကို အိန္ဒိယသံရုံးက ဦးဆောင်၍ ရန်ကုန်မြို့ရှိ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ(၁)တွင် ဇွန် ၂၁ ရက်၊ နံနက် ၇ နာရီခွဲအချိန် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur က ” ဒီနေ့ကျင်းပတဲ့ ၂၀၂၆ ယောဂပွဲတော်ဟာ ၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပဲဖြစ်ပါတယ်။ ယောဂနေ့ စတင်ဖြစ်ပေါ်လာတာဟာ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ၂၀၁၄ ခုနှစ်က အားလုံးရဲ့သဘောတူညီမှုနဲ့ အပြည်ပြည်ဆိုင်ရာယောဂနေ့ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ကျင်းပလာခဲ့တာ အခုဆိုရင် ၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိဖြစ်လာခဲ့ပါပြီ။ ၂၀၂၆ ခုနှစ်ရဲ့ ပွဲတော်ကျင်းပရတဲ့ အဓိကရည်ရွယ်ချက်က Yoga For Healthy Ageing လို့ခေါ်တဲ့ ကျန်းမာကြံ့ခိုင်စွာဖြင့် အသက်အရွယ်ကြီးလာဖို့ ယောဂကစားကြပါစို့ ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ Healthy Ageing ဖြစ်ဖို့ရာအတွက် နေ့စဉ်ဘ၀ထဲမှာ ယောဂကို လေ့ကျင့်ကစားကြတဲ့အခါမှာ နေ့စဉ်ဘ၀ထဲမှာ ယောဂကနေ ရရှိတဲ့အကျိုးကျေးဇူးတွေကို အသုံးချခြင်းအားဖြင့် ပိုမိုပြီးတော့ ကျန်းမာတဲ့၊ ပိုမိုပြီးတော့ ကြံ့ခိုင်တဲ့ လူမှုဝန်ကျင်းရရှိမယ်လို့ ယုံကြည်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Abhay Thakur က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အိန္ဒိယသံရုံး၏ ဆွာမိဝိဝေကာနန္ဒယဉ်ကျေးမှုဌာန(ရန်ကုန်)မှ ယောဂဆရာမက မိနစ် ၄၀ ခန့်ကြာ ယောဂလေ့ကျင့်ခန်းများပြသခဲ့ပြီး တက်ရောက်လာကြသည့် ယောဂလေ့ကျင့်သူစုစုပေါင်း ၃၀၀ ဦးခန့်က ပူးပေါင်းပါဝင် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ယင်းနောက် SVCC မှ Director Dr. Ashish Kumar က တက်ရောက်လာသူများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
