◾ လျှပ်စစ် မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍများဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုလည်း ခံစားရရှိနိုင်မည်ဟုပါ ပြောကြား
◾ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်
သတိုး
၁၈. ၆. ၂၀၂၆
၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်သည့်“Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့၊ လင်းကန်အထူးဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့် ဖွင့်လှစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိလာရာ ဟိုတယ်မှတာဝန်ရှိသူများက ပန်းစည်းကမ်း၍လည်းကောင်း၊ တရုတ်ရိုးရာ င်္ခြသေ့၊ နဂါး ရိုးရာအကများဖြင့်လည်းကောင်း၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကြီးများ၊ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များက ကော်ဇော်နီ၏ တစ်ဖက်တစ်ချက်စီတွင်နေရာယူကာ နှစ်နိုင်ငံအလံများကို ဝှေ့ယမ်း၍လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ကို ဒီဂျစ်တယ် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ တရုတ် နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်း ရှင်ကြီးများ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai အတွင်း မြန်မာ-တရုတ် ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံ ကြည့်ရှုလေ့လာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများ အပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့်တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်း ရှင်များ စုစုပေါင်း လူဦးရေ ၆၀၀ ဦးခန့် တက်ရောက်ကြသည်။
အဆိုပါ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) မှကြီးမှူးကျင်းပပြုလုပ်သည့် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai တွင် မြန်မာ-တရုတ် ကုမ္ပဏီများမှ ပြခန်းပေါင်း ၃၅ ခန်းကို ကဏ္ဍစုံလင်စွာဖြင့် ခင်းကျင်းပြသထားရှိပြီး ယခုကဲ့သို့ နှစ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများအား ပြသနိုင်ခြင်းအားဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍသစ်များ တိုးချဲ့ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းများကို ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် Dishui Lake Ballroom ၌ ကျင်းပပြုလုပ်သည့်“Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai သို့တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
ထိုသို့အမှာစကားပြောကြားရာတွင် ယနေ့ “မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေး ဆွေးနွေးပွဲ” သို့ တက်ရောက်လာကြသည့် တရုတ်နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကြီးများ၊ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါဟုလှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်လျက် ရှိပြီးဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၌ လွန်စွာနက်ရှိုင်းလှပါကြောင်း၊ ရိုးရာယဉ်ကျေးမှုချင်းလည်း ဆက်နွယ်နေပြီး ခိုင်မာသည့် သမိုင်းဝင်ချစ်ကြည်မှု အခြေခံကောင်းများ ရှိကြသည့် “မိတ်ဆွေကောင်း” နိုင်ငံများ ဖြစ်ကြပါကြောင်း၊ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်တွင် စတင်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ယခုဆိုပါက (၇၅) နှစ်မြောက် စိန်ရတုမှတ်တိုင်ကိုပင်ကျော်လွန်ကာ ယခုဇွန်လတွင်(၇၆) နှစ် ပြည့်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသည် အစဉ်ချစ်ကြည်ရင်းနှီးသည့် အပြန်အလှန်အမှီပြုနေသည့်အိမ်နီးချင်းကောင်းများ ဖြစ်ပါကြောင်း၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရာတွင် အရေးပါသည့် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများလည်း ဖြစ်ကြပါကြောင်း၊ ထိုကဲ့သို့ နှစ်နိုင်ငံအပြန်အလှန် ချစ်ကြည်ရင်းနှီးမှု၊ လေးစားယုံကြည်မှု တို့သည် မိမိတို့ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းအတွက် ခိုင်မာလှသည့် အခြေခံအုတ်မြစ်ကြီးတစ်ခု ဖြစ်ပါကြောင်း။
အဆွေတော်တို့ သိရှိပြီးဖြစ်သည့်အတိုင်း မိမိတို့မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ပြည်သူလူထုကရွေးကောက်တင်မြှောက်သည့် အစိုးရသစ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့်မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဦးစားပေးဆောင် ရွက်လျက်ရှိပါကြောင်း၊ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမကြီး (Belt and Road Initiatives – BRI) စီမံကိန်းနှင့် မြန်မာ-တရုတ်စီးပွားရေးစင်္ကြံ (CMEC)တွင် မဟာဗျူဟာမြောက်ဝင်ပေါက် (Strategic Gateway)၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နေရာတစ်ခု ဖြစ်ပါကြောင်း။
ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ “Belt and Road” Initiatives စီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ စီမံကိန်းများ၊ ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP)တို့မှတစ်ဆင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုစေမည့်ရလဒ်များ ဖြစ်ပေါ်စေရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖော် ဆောင်ရန်နှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် လာရောက်ခြင်းဖြစ်ကြောင်း။
ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာလည်း ဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး၊ ကုန်သွယ်မှုနှင့် နည်းပညာကဏ္ဍများတွင် ထိပ်တန်းမှ ရပ်တည်နေပြီး ရှန်ဟိုင်းစတော့အိတ်ချိန်းနှင့် ရှန်ဟိုင်းဆိပ်ကမ်း၊ အဆင့်မြင့်လေဆိပ်၊ မီးရထားလမ်းကွန်ရက်များ ပိုင်ဆိုင်ထားသည့် ရှန်ဟိုင်းမြို့မှ လုပ်ငန်းရှင်များနှင့် မိမိတို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အတူပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံ၏ ဈေးကွက် လိုအပ်ချက်အရ မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ကုန်စည်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံတို့ကို ပိုမိုတင်ပို့နိုင်မည့် ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုပွင့်လန်းလာစေရန်နှင့် ဒီဂျစ်တယ်စီးပွားရေး (Digital Economy)၊ အီလက်ထရွန်နစ် ကုန်သွယ်မှု (E-commerce) နှင့် ဆန်းသစ်တီထွင်မှု (Innovation) အပိုင်းများတွင် ရှန်ဟိုင်း၏ အဆင့်မြင့် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းပြီး မြန်မာ့နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများ ဖော်ထုတ်နိုင်ရေးအတွက်လည်း ရည်ရွယ်ပါကြောင်း။
မြန်မာ – တရုတ် နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆက်နွှယ်မှုများသည် နှစ်နိုင်ငံ အနာဂတ်ရည်မှန်းချက်များအတွက် အရေးပါသည့် စီးပွားရေး မိတ်ဖက်များလည်း ဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် နှစ်နိုင်ငံအစိုးရဌာန၊ လုပ်ငန်းရှင်များအကြား၊ ပြည်သူများအကြား ကူးလူးဆက်ဆံမှု ပိုမို အားကောင်းလာပြီး ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးကို လက်တွေ့ဖော်ဆောင်ရင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများတိုးတက်ခိုင်မြဲလာသည်ကို တွေ့ရပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရေရှည် ရပ်တည်နေပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ သတ္တု တွင်းထွက်များနှင့် သဘာဝဓာတ်ငွေ့များကို အဓိကတင်ပို့နေပါကြောင်း၊ တရုတ်နိုင်ငံမှ စက်မှုကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အဓိက ပြန် လည်တင်သွင်းလျက် ရှိပါကြောင်း။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှုပြုထားသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၃၈ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၀၀ ခန့်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်မြန်မာနိုင်ငံတွင် အဓိကအားဖြင့် စက်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အား၊ သတ္တု၊ ဝန်ဆောင်မှု၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတို့၌ ဆောင်ရွက်နေပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စက်မှုဇုန်တည်ဆောက်မှု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံလျက် ရှိပါကြောင်း။
မြန်မာနိုင်ငံသည် သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမားသည့်ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့်အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်ရှိနေပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက်နိုင်သည့်တော၊ တောင်၊ ရေ၊ မြေ၊ ရာသီဥတုရှိပြီး အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပါကြောင်း၊ ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကို အသုံးချပြီး စိုက်ပျိုးရေးအခြေခံစက်မှုနိုင်ငံ ဖြစ်စေရေး မူဝါဒချမှတ် ဆောင်ရွက်နေပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံစိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းခန့်သာစိုက်ပျိုးနိုင်လျက်ရှိပြီး အထွက်နှုန်းမြင့်မားရန် လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာမြင့်မားပြီး ဈေးကွက် အရွယ်အစားကြီးမားပါကြောင်း၊ တရုတ်လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိနိုင်ငံ၏ ဈေးကွက်၊ စားသုံးသူလိုအပ်ချက်၊ သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်များကို ပိုမို သိရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် တရုတ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင်ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ အကျိုးရှိစေမည့် Value Chain ကို ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ အနေဖြင့်ပြည်တွင်းအတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို ပြည်ပက တင်သွင်းလျက်ရှိပါကြောင်း၊ အလားတူ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန် ဆောင်မှုလုပ်ငန်းများ ရှိလာစေရေး ပြည်တွင်း၌ လိုအပ်ချက်ရှိနေပါကြောင်း၊ တရုတ် နိုင်ငံသည် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှုတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုများထွန်းကားပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်မှုအနေဖြင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများတွင်လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများစွာရှိပါကြောင်း။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးအတွက် ပို့ဆောင် ဆက်သွယ်ချိတ်ဆက်မှုသည်အလွန်အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင်မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မြန်မာနိုင်ငံအနေဖြင့်ကုန်းလမ်းနှင့် ရေလမ်း နှစ်မျိုး စလုံးအသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်–တရုတ်–အိန္ဒိယ–မြန်မာ(BCIM) စီးပွားရေးစင်္ကြံနှင့်တရုတ်-အင်ဒိုချိုင်းနား ကျွန်းဆွယ်စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိပါကြောင်း၊ အဆိုပါစီမံကိန်းအောက်တွင် နှစ်နိုင်ငံ အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC)ကို တည်ထောင်ဆောင်ရွက်လျက်ရှိပြီး CMEC ၏ အဓိကကျသည့် အစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါ စီးပွားရေးစင်္ကြံများတစ်လျှောက် အထူးစီးပွားရေးဇုန်များ(SEZs)၊ စက်မှုဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs)များတွင် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းကောင်းများ ရှိနေပါကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်မန္တလေး ငလျင်ကြီး၏သက်ရောက်မှုခံခဲ့ရသည့်အခြေခံအဆောက်အဦများ ပြန်လည် ဖြည့်ဆည်းထူထောင်ရာတွင်လည်း ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပုံစံများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများလည်း ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ရေနံနှင့်ဓာတ်ငွေ့ထွက်ရှိသည့်နိုင်ငံဖြစ်သော်လည်း ရေနံ သန့် စင်ထုတ်လုပ်သည့်အဆင့်မြင့်နည်းပညာလိုအပ်ချက်ရှိပြီး လောင်စာဆီနှင့်ရေနံထွက် ပစ္စည်းများကို ပြည်ပမှ အမြောက်အများတင်သွင်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရေနံ သန့်စင်ထုတ်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများတွင် တရုတ် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လိုကြောင်း၊ တရုတ်နိုင်ငံသည် စွမ်းအင်သစ်ထုတ်လုပ်မှုတွင် အောင်မြင်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မိမိတို့ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ် စွမ်းအားမူဝါဒ၊ လျှပ်စစ်မော်တော်ယာဉ်ဖွံ့ဖြိုးရေး မူဝါဒများကို ချမှတ်ကာ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖော်ဆောင် လျှက်ရှိကြောင်း၊ ထို့ကြောင့် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်မော်တော် ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများစွာ ရှိနေပါကြောင်း။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်များ (EV) တိုးတက်အသုံးပြုနိုင်ရေးအတွက်အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ(EV Policy)ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ ဘက်ထရီလျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ် ပစ္စည်းများဖြစ်သည့် EV Charger ၊ Spare Parts နှင့် Battery တို့ကို ရာခိုင်နှုန်းအချိုး အလိုက် အကောက်ခွန်နှုန်းများ လျှော့ချပေးထားပါကြောင်း၊ လျှပ်စစ်သုံး မော်တော်ယာဉ် ထုတ်လုပ်သည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂၀ ခု၊ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှု ၂ ခုခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်သုံး အများပြည်သူသယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှုများ (Electric Public Transportation Services)၊ လျှပ်စစ်တက္ကစီနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ (Electric Taxi & Cargo Logistics Services) နှင့်သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း မြှင့်တင်ဆောင် ရွက်လိုပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင်ထိပ်တန်းရောက်နေပြီ ဖြစ်သည့်တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုကို အားပေးလျက်ရှိပြီး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းပေါင်း (၃၂) ခုခွင့်ပြုပြီး လုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လေစွမ်းအင်အသုံးပြုသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ၌လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်ဖိတ်ခေါ်လိုပါကြောင်း၊ အဆိုပါလျှပ်စစ် မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများသည် မြန်မာနိုင်ငံ၏ ဦးစားပေးကဏ္ဍများဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အခွန်ကင်း လွတ်ခွင့်၊ သက်သာခွင့်များကိုလည်း ခံစားရရှိနိုင်မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများကို အလေးထားဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာ ရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေး အဖြစ်သတ်မှတ်ဖိတ်ခေါ်လျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံ၏လက်ရှိလိုအပ်ချက်ကိုဖြည့် ဆည်းရန်အတွက် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊စိုက် ပျိုးရေးနှင့်မွေးမြူရေးတန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ ထုတ်လုပ်ခြင်း စသည့် လုပ်ငန်းများကိုလည်း အားပေး ဖိတ်ခေါ်လျက်ရှိ ကြောင်း၊ ထို့အပြင် ပြည်တွင်းထွက်ကုန်များကိုအခြေခံသည့်အဆင့်မြင့် ရာဘာထုတ် လုပ်ခြင်း၊ ရာဘာအခြေခံ တာယာနှင့် ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း များကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ရွေးကောက်ခံအစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့်ရင်းနှီးမြှုပ်နှံမှု ဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကို အလေးထားဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်း များကို ပြန်လည်ဆန်းစစ်ပြီး၊ လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation)သို့ အသွင်ကူးပြောင်းဆောင်ရွက်လျက် ရှိရာ မြန်မာဒီဂျစ်တယ် လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်ပေါ်ဒေသမှာ မြေဧရိယာ ၁၀,၀၀၀ ဧကခန့် ကျယ်ဝန်းသည့် ရတနာပုံဆိုက်ဘာစီတီး (ရတနာပုံ မြို့သစ်) စီမံကိန်းအဖြစ် အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ထို့ကြောင့် E-commerce နှင့် အားကောင်းပြီးဖြစ် သည့်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့်လာရောက် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းကောင်းများပင် ဖြစ်ပါ ကြောင်း။
ထို့ကြောင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများစွာ ရှိနေပြီး အိမ်နီးချင်းဆွေမျိုးပေါက်ဖော် မဟာဗျူဟာမြောက် ဆက်ဆံရေးတို့အရ နှစ်နိုင်ငံကုန်သွယ်မှုသာမက ရင်းနှီးမြှုပ်နှံမှုမှာ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများအနေဖြင့် လက်ရှိအခြေအနေထက် များစွာ တိုးတက်ရန်ရှိနေကြောင်း၊ အဆိုပါအလားအလာများကို လက်တွေ့အကောင်အထည် ဖော်နိုင်ရေးအတွက် မိမိတို့ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို ပိုမို နီးကပ်စွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ချိတ်ဆက် လုပ်ကိုင်နိုင်ရေးသည် လုပ်ငန်းရှင်များအတွက် အရေးကြီးသည်ကို ကောင်းစွာသိရှိပါကြောင်း၊ ထို့ကြောင့် ဆက်လက်ပြီး မိမိတို့၏မိတ်ဖက်တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး ဆောင်ရွက်ချက်အချို့ကို မျှဝေလိုပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ပိုမို အဆင်ပြေချောမွေ့ စေရေးအတွက် ပင်လယ်ရေကြောင်းကုန်သွယ်မှုသာမက နယ်စပ်ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံလယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံအကြား SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေး အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးနှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ၂၀၂၁ ခုနှစ်တွင်ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပြီး မြန်မာ-တရုတ်နယ်စပ်ဒေသတွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို တရားဝင်တိုက်ရိုက် အသုံးပြု ပေးချေခွင့်ပြုခဲ့ပါကြောင်း၊ ယင်း စနစ်သည် နှစ်နိုင်ငံငွေကြေးဖြစ်သည့် ယွမ်-ကျပ် တိုက်ရိုက် ငွေပေးချေမှုဖြစ်သည့် အတွက် စရိတ်စက သက်သာစွာဖြင့်ဆောင်ရွက်နိုင်ပြီး နှစ်နိုင်ငံကုန်သွယ်မှု သာမက နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း။
အလားတူ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မိမိတို့အနေဖြင့် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်မှစပြီး မိမိတို့ မြန်မာနိုင်ငံတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာဖြင့်သာမက ယွမ်ငွေကြေးဖြင့်လည်း စတင်လက်ခံဆောင်ရွက်နေပြီဖြစ်သည့်အတွက် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေနိုင်မည် ဖြစ်ကြောင်းကို အသိပေးလိုပါကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် ပေးနိုင်ရေးအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေတို့သည်၂၀၂၄ ခုနှစ်မှာ အပြည့်အဝ အသက်ဝင်လည်ပတ်နေပြီ ဖြစ်သည့်အပြင် မြန်မာ – တရုတ် နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားပါကြောင်း။
ထို့ကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ပိုမို တိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံတန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးပစ္စည်း ကိရိယာထုတ်လုပ်မှု၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်မှု၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၊ လျှပ်စစ်မော်တော် ယာဉ် ထုတ်လုပ်မှု၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ထုတ်လုပ်မှု၊ E-commerce နှင့် ဒီဂျစ်တယ် ဝန်ဆောင်မှု လုပ်ငန်းများမှာ တရုတ်နိုင်ငံမှ လုပ်ငန်းရှင် များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရန်အထူးဖိတ်ခေါ်လို ကြောင်း၊ မိမိတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် ရေရှည်တည်တံ့မည့် ဂေဟစနစ်နှင့် စီးပွားရေးဟန်ချက်ညီမှုကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး တာဝန်ယူမှုရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု (Responsible Investment) လုပ်ငန်းများကို ပြည်တွင်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အကာအကွယ်ပေးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင်ရှိသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ အဆင်ပြေ ချောမွေ့ စေရေးကိုလည်း ပံ့ပိုးကူညီပေးသွားမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိုလည်း အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာနှင့် စီးပွားရေးတိုးတက်မှု အလားအလာများအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်သို့ ဆက်သွယ်ချိတ်ဆက် ပေးထားသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား အေးအတူပူအမျှ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ထွန်းလာနိုင်သည့် အနာဂတ်အလား အလာများကို ဆွေးနွေးခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ တရုတ်နိုင်ငံ၏ ဈေးကွက်၊ အဆင့်မြင့်နည်းပညာများနှင့် မြန်မာနိုင်ငံ၏ တည်နေရာအချက်အချာ၊ သဘာဝသယံဇာတအရင်းအမြစ်၊ လူစွမ်းအား အရင်းအမြစ်တို့ကို အထိရောက်ဆုံး ပေါင်းစပ်နိုင်မည့်ကဏ္ဍများကို ရွေးချယ်ကာ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်ပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှ တစ်ဆင့် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ရေးအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ် လိုပါကြောင်း၊ မိမိတို့နိုင်ငံမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနှင့်အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့ရောင်းချနိုင်သည့်ဈေးကွက်လည်းရှိပြီး ကျောက်ဖြူရေနက်စီမံကိန်း မှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက် နိုင်ပါကြောင်း၊ နှစ်နိုင်ငံကြား သာတူညီမျှ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက် ရေရှည်မျှဝေ ခံစားကြမယ့်အခြေအနေကို ဖော်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ သမိုင်းစာမျက်နှာ သစ်ကို အတူတကွ ဖွင့်လှစ်နိုင်ပြီး နှစ်နိုင်ငံပြည်သူများအတွက်လည်း ဖွံ့ဖြိုးဝေစည်သည့်အနာဂတ်ကို အစဉ်လက်တွဲ ဖော်ဆောင်နိုင်မည်ဟုယုံကြည်ပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ လျော့ပါးစေရေးနှင့် ငလျင်ဘေးအန္တရာယ်အလွန်ပြန်လည် ထူထောင်ရေးဆိုင်ရာ များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ရေအားလျှပ်စစ်နှင့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေးကဏ္ဍ၊ လူသားအရင်းအမြစ်ပြုစုပျိုးထောင်ရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုများ အပေါ်တွင် မူဝါဒပိုင်းဆိုင်ရာအရ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင် မည့်ကိစ္စရပ်များ နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြသည်။
ထိုကဲ့သို့ မေးမြန်းတင်ပြလာမှုများအပေါ် ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာကံဇော်နှင့် ဒေါက်တာ ချာလီသန်း လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောကြားကြ ပြီး နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် လုပ်ငန်းဆက်လက် အကောင်အထည်ဖော်ရန် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေရသည့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက်အကျိုုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းကြီးများအား အမြန်ဆုံးပြန် လည်စတင်နိုင်ရေး အဆိုပါဒေသများ၌ လုံခြုံရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးကို လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အာကာသ နည်းပညာပိုင်းဆိုင်ရာများတွင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့်ဆန္ဒရှိပြီး ပူးပေါင်းမှုများ ဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်မှုအား ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ နည်းပညာပိုင်းဆိုင်ရာများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိ နေသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက် ကြမည်ဆိုပါကလည်း နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့် ဈေးကွက်ခိုင်မာမှုတို့ကို ပိုမို ဖြစ်ပေါ်စေနိုင်မည်ဟု အကြံပြုလိုကြောင်းနှင့် အခြားသိရှိရန်လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြား သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာ-တရုတ် စီးပွားရေး ကွန်ဖရင့်သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှု များ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ စီးပွားရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုများ အပြီးတွင် နိုင်ငံတော်သမ္မတသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြပြီး နေ့လယ်စာသုံးဆောင်နေစဉ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု၊ မြန်မာ့စီးပွားရေးနှင့် ဆက်နွယ်သော တေးသရုပ်ဖော် အကအလှဖျော်ဖြေမှုများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် “Myanmar-China Investment and Trade Networking Summit” (MCITP – 2026) Shanghai အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP) မှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ မြန်မာ-တရုတ် စီးပွားရေး လုပ်ငန်းရှင်များက နွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။









