သတိုး
၁၈. ၆. ၂၀၂၆
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများရှိနေပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Radisson ဟိုတယ်၌ ယနေ့ ကျင်းပသည့် တရုတ် – မြန်မာ စီးပွားရေးပြပွဲ ဖွင့်လှစ်အပြီး Myanmar-China Investment and Trade Networking Summit (MCITP-2026) တွင် အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေကြောင်း ပြောကြားသည်။
ထိုပြင် မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံဒေသများကို ချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက် အားသာချက်တစ်ရပ်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) နှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများတွင်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား၊ သတ္တုတူးဖော်ရေး၊ ပိုဆောင်ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထိုအပြင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်မော်တော်ယာဉ် (EV) ထုတ်လုပ်ရေး၊ E-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသည် အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ တရုတ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံရန် ဆက်လက် ဖိတ်ခေါ်ခဲ့သည်။







