၁၂.၆.၂၀၂၆
Written by Nay Yaung Lin
ဗဟန်းမြို့နယ်တွင် အစိုးရဌာနရုံးအချို့မရှိသဖြင့် မြို့နယ်စုပေါင်းရုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိမရှိ ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ရီရီတင်က ဇွန် ၁၂ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့သည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းအနေဖြင့် မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုအပေါ် လုံလောက်သည့်အကျယ်အဝန်းရှိသည့် မြေနေရာအခက်အခဲရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က လာရောက်ဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်က “ရုံးတွေတစ်နေရာတည်းမှာ ရှိနေခြင်းဟာ အုပ်ချုပ်ရေးယန္တရားရဲ့အင်ဂျင်ကို ပိုမိုအားကောင်းစေပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အမြန်ဆုံးပြီးမြောက်စေမယ့် One Stop Service ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ သို့ဖြစ်ပါ၍ ဗဟန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား တစ်နေရာတည်းတွင် စုစည်း၍ ညှိနှိင်းဆောင်ရွက်မှုမြန်ဆန်စေရန် အစိုးရဝန်ထမ်းများ၏ သွားလာရေးစရိတ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရန်နှင့် ပြည်သူလူထုအတွက် ဝန်ဆောင်မှုလုပ်ငန်းများကို တစ်နေရာတည်းတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စုပေါင်းရုံးတစ်ခုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ပေးရန် ရှိ/မရှိ မေးခွန်းကို မေးမြန်းလိုပါတယ်” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် မြို့နယ်စုပေါင်းရုံးတည်ဆောက်ပေးရန် တိုက်တွန်းခြင်းသည် အဆောက်အဦတစ်ခုကို တည်ဆောက်ခြင်းထက် ဝန်ထမ်းများစားဝတ်နေရေး သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးခြင်းဖြစ်သလို ပြည်သူများ၏ အချိန်နှင့်ငွေကြေးကို တန်ဖိုးထား ကာကွယ်ပေးခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီတင်က မေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “ဗဟန်းမြိုနယ်အတွင်း စုပေါင်းရုံးဆောက်လုပ်နိုင်မည့် လုံလောက်သောအကျယ်အဝန်းရှိသည့် မြေနေရာရှာဖွေရရှိနိုင်ရန် အခက်အခဲရှိပါသဖြင့် လတ်တလောဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ဖြေကြားလိုပါတယ်” ဟု ဖြေကြားခဲ့သည်။
ဗဟန်းမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အခွဲရုံးတို့ မရှိသေးကြောင်း သိရသည်။




