သက်တံ့
၁၀. ၆. ၂၀၂၆
မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ကွာလာကရိုင်းမြို့နယ်၊ ကန်ပန်းမီးယားရှိ ၂၄ ဟက်တာကျယ်ဝန်းသော ဒူးရင်းစိုက်ခင်းတစ်ခုအတွင်း တရားမဝင် ခိုးဝင်နေထိုင်ပြီး တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်နေသည့် အမျိုးသမီး ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၈ ဦးကို မလေးရှားအာဏာပိုင်များက စီးနင်း ဖမ်းဆီးနိုင်ခဲ့သလို ၎င်းတို့နှင့်အတူ ပါလာသည့် ကလေးငယ် ၂ ဦးကိုလည်း တွေ့ရှိ စောင့်ရှောက်နိုင်ခဲ့ကြောင်း သိရသည်။
ကွာလာကရိုင်းခရိုင် ရဲမှူးကြီး မက်ဇလန် မာမတ်က ပြည်သူလူထု၏ သတင်းပေးချက်အရ ရဲတပ်ဖွဲ့နှင့် တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ (ဇွန် ၁၀ ရက်ကူးစ) သန်းခေါင်ယံအချိန်မှ နံနက် ၆ နာရီအထိ “Op Bersepadu/Op Khazanah” စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် အဆိုပါအရွယ်ရောက်ပြီးသူ ရှစ်ဦးအဖွဲ့နှင့်အတူ ပါလာသည့် ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦး စုစုပေါင်း ကလေးငယ်နှစ်ဦးကိုလည်း တွေ့ရှိခဲ့သည်။
ရဲမှူးကြီး မက်ဇလန်ပြောကြားချက်အရ စစ်ဆင်ရေးအတွင်း တရားမဝင်အမဲလိုက်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် လေသေနတ်တစ်လက်နှင့် လှံနှစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“စစ်ဆေးမှုတွေအတွင်း တောရိုင်းတိရစ္ဆာန်လက်သည်းဟု ယူဆရသောအရာ ၆ ခု၊ တောရိုင်းတိရစ္ဆာန်အစွယ်ဟု ယူဆရသောအရာ ၁၂ ခု၊ တောရိုင်းတိရစ္ဆာန်အရိုးဟု ယူဆရသောအရာ ၇ ခု၊ တောရိုင်းတိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းဟု ယူဆရသောအရာ ၆ ခုနဲ့ တောရိုင်းတိရစ္ဆာန်အသားတွေလို့ ယူဆရတဲ့ အသားတွေထည့်ထားတဲ့ ဘူးတစ်ဘူးတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ရဲမှူးကြီးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ယခုအမှုကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(c)၊ ၁၉၆၀ ပြည့်နှစ် လက်နက်အက်ဥပဒေ ပုဒ်မ ၈(a)၊ ၁၉၅၈ ခုနှစ် အထိမ်းအမှတ်တံဆိပ်များနှင့် အမည်နာမများ (မလျော်ကန်စွာအသုံးပြုမှု တားဆီးရေး) အက်ဥပဒေ ပုဒ်မ ၇(၁) နှင့် ၂၀၁၀ ပြည့်နှစ် တောရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ (Act 716) တို့အရ စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဤစစ်ဆင်ရေး အောင်မြင်မှုသည် ရဲတပ်ဖွဲ့နှင့် တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်များဦးစီးဌာနတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို ပြသနေပြီး တရားမဝင်အမဲလိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို တရားမဝင်လက်ဝယ်ထားရှိမှုများအား တိုက်ဖျက်ရာတွင် ပြည်သူလူထု၏ သတင်းပေးပို့ချက်သည် အရေးကြီးကြောင်း သက်သေပြနေသည်ဟု ရဲမှူးကြီးက ဆိုသည်။
ရဲမှူးကြီး မက်ဇလန်က တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ပြစ်မှုများနှင့် ဆက်နွှယ်သူ မည်သူ့ကိုမဆို ပြတ်ပြတ်သားသား ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ တောရိုင်းတိရစ္ဆာန်အမွေအနှစ်များ ရေရှည်ကာကွယ်နိုင်ရေးအတွက် အာဏာပိုင်များထံ သတင်းအချက်အလက်များ ဆက်လက်ပေးပို့ကြပါရန် ပြည်သူလူထုကို တိုက်တွန်းပြောကြားခဲ့သည်။
Ref : Bernama
