ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို တွေ့ရစဥ်

၈. ၁၀. ၂၀၂၂
Written by Tha Doe

ခရိုင်ပေါင်း ၁၂၇ ခရိုင်ရှိသည့် မြန်မာနိုင်ငံတွင် ခရိုင်တစ်ခုထုတ်ကုန်တစ်မျိုး ”One Region One Product”လုပ်ရမည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန် ၁၂၀ ကျော်မှာ ကောင်းမွန်နေရမည်ဟု SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“နောက်တစ်ခုက MSME နဲ့ ပတ်သက်လို့ ကိန်းဂဏန်းတွေ၊ ဖွဲ့စည်းမှုတွေ ပြန်လည်လုပ်ဖို့ လိုသလို တစ်ဖက်ကလည်း တစ်ကယ်အဓိကကျတဲ့ ခရိုင်တွေ၊ ပြည်နယ်နဲ့ တိုင်းတွေမှာ MSME တွေ ပီပီပြင်ပြင်နဲ့ အလုပ်လုပ်နိုင်ဖို့လိုတယ်။ ရုံးလုပ်ငန်းနဲ့ အချိန်ကုန်နေလို့ မရဘူး၊ ကုန်ထုတ်လုပ်မှုတွေ ကျွန်တော်တို့သွားရမယ်။ အဓိကကျတဲ့ ခရိုင်၊ ပြည်နယ်နဲ့တိုင်း မြို့ကြီးတွေကတော့ အားလုံးက MSME တွေရှိရမယ်။ ခရိုင်အဆင့်တွေမှာလည်း အဓိကထုတ်ကုန်ပစ္စည်းရှိတဲ့ ခရိုင်တွေမှာ One Region One Product တွေ လုပ်ရမယ်။ ဒေသလိုက် ဒေသ လိုက်မှာ၊ ခရိုင်ပေါင်း ၁၂၀ ကျော် ရှိတယ်။ ပစ္စည်းပေါင်း၊ အမျိုးပေါင်း ၁၂၀ ကျော် လောက်ကကောင်းနေရမယ်။ ဥပမာပေါ့-ပခုက္ကူဆို ချည်ထည်ပစ္စည်းတွေ ကောင်းရမယ်။ ဥပမာပြောပြတာ ချည်ထည်ပစ္စည်းမှာ ပခုက္ကူဆို နံပတ်တစ် အကောင်းဆုံး ဖြစ်နေရမယ်။ တစ်နေ့ကဆိုလည်း ကျွန်တော်တို့ဒီမှာ အပြည်ပြည်ဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တုန်းက စောင်တွေ၊ ချည်ထည်တွေပြပါတယ်။ ပခုက္ကူက တော်တော်ကို ကောင်းတာသွားတွေ့တယ်။ ဒါကတော့ ကျွန်တော်မြင်ရတဲ့ဟာ၊ မမြင်ရတဲ့ဟာလည်း ရှိရင် ရှိမှာပေါ့လေ။ တစ်နေ့က ပြည်မှာဆိုလို့ရှိရင် အင်းမပုဆိုး၊ တော်တော့်ကို ကောင်းတာ တွေ့တယ်။ တော်တော် ကောင်းတဲ့ပုဆိုးပဲ။ ဒါမျိုးတွေသာ လုပ်လိုက်ရင် သိပ်ကောင်းမှာပဲလို့ အားပေးတယ်။ ဘယ်နေရာကတော့ ပဲနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကောင်းတယ်။ ဘယ်နေရာကတော့ ဆန်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ကောင်းတယ်။ ဘယ်နေရာကတော့ ဝါးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကောင်းတယ်၊ ဘယ်နေရာကတော့ သတ္တုနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ကောင်းတယ်။ One Region One Product ဒီလိုမျိုးတွေနဲ့ နိုင်ငံမှာ ထုတ်ကုန် ပစ္စည်းထုတ်မယ်ဆို ဒါတွေလည်း တစ်ဖက်ကလည်း ကုန်ထုတ်လုပ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ အဲ့ဒါတွေနဲ့လည်း တစ်ချိန်ကျရင် Tourist Attraction လည်း ဖြစ်လာမယ်”ဟု အောက်တိုဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ၇/၂၀၂၂ တွင် SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့်ကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၁/၂၀၂၂) အစည်းအဝေးနှင့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ ကိုကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းရပ်နှစ်ခုလုံးသည် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အဓိကကျသည့် လုပ်ငန်းရပ်များ ဖြစ်ကာ အစိုးရတစ်ရပ်မှာ အဓိကအားဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု SAC ဥက္ကဋ္ဌက ဆိုသည်။ ပြီးခဲ့သည့်နှစ်က SAC တာဝန်ယူပြီးနောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံ့စီးပွားတိုးတက်မှုများ တုန့်​ဆိုင်းမှု ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အနုတ်လက္ခဏာ ပြနေသည်ဟု ပြောကြားခဲ့ကြသည်။ သို့သော် နိုင်ငံစီးပွားရေးကျဆင်းသည်ဟု ဆိုသော်လည်း မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ အမြဲမပြတ်ထုတ်လုပ်၍ ပြည်ပသို့ပို့ကုန်များ တင်ပို့နိုင်ခြင်းကြောင့် စီးပွားရေးနှင့်ပတ်သက်၍ များစွာထိခိုက်ကျဆင်းသွားခြင်းမရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ဆိုသည်။

တိုင်းပြည်အားသည် ပြည်တွင်း၌သာရှိပြီး ပြည်ပကိုတတ်နိုင်သမျှ မှီခိုမှုမပြုရန် မိမိအနေဖြင့် အမြဲပြောကြားခဲ့ကြောင်း၊ ယင်းသည်ခေတ်အဆက်ဆက် တွေ့ကြုံသည့် သင်ခန်းစာများအရ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကို အားကိုးနေ၍မရဘဲ ပြည်တွင်းစီးပွားရေးကို အားပေးဆောင်ရွက်ခြင်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးပင်ဖြစ်ကြောင်း၊ မိမိတို့တာဝန် ယူနေချိန်တွင် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား အားပေးဆောင်ရွက်နေကြာင်း၊ MSME လုပ်ငန်းများသည် ပြည်တွင်းရှိ လုပ်ငန်းရှင်များ ကိုယ်တိုင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း၊ မိတ္ထီလာ၊ ရန်ကုန်နှင့် ပြည်မြို့တို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် MSME လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ ကိုယ်တိုင် ဆောင်ရွက်နိုင်သည့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အားသည်ပြည်တွင်း တွင်သာရှိသည်ဟူသည့်အတိုင်း ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *