

၃.၆.၂၀၂၆
Written by Nay Yaung Lin
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ဇွန် ၂ ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက “ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသွားမှာဖြစ်ပါတယ် ” အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။
ဆက်လက်၍ အွန်လိုင်းလိမ်လည်မှုများ မြန်မာနိုင်ငံအတွင်းမှာ လုံးဝအခြေမပြုနိုင်ရေး၊ ပြည်တွင်းအင်အားစုများ ပြည်ပနိုင်ငံအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာမှုခင်းများကျူးလွန်ခြင်းဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှကာကွယ်ရန်နှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာလုပ်ငန်းများကို အမြစ်ဖြတ်ဖော်ထုတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ရေးဆွဲခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားခဲ့သည်။
” အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေမှုကြမ်းကို ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ ဥပဒေများ၊ မြန်မာနိုင်ငံမှာ အတည်ပြုပြဌာန်းပြီး ကျင့်သုံးဆောင်ရွက်လျက်ရှိတဲ့ ဥပဒေများဖြစ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့ကို လေ့လာပြီး ပြုစုရေးဆွဲခဲ့ပါတယ် ” ပြည်ထောင်စုဝန်ကြီး အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့သည်။
အဆိုပါ ဥပဒေမှုကြမ်းကို အခန်းပေါင်း ၁၃ ခန်း၊ ဥပဒေပုဒ်မပေါင်း ၆၃ ခုဖြင့် ရေးဆွဲခဲ့ပြီး ပြည်သူများသိရှိလေ့လာနိုင်ရန် မေ ၁၃ ရက်တွင် သတင်းမီဒီယာများနှင့် မေ ၁၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ အကြံပြုချက်များပေးပို့လိုပါက ပေးပို့နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးပါက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဗဟိုဌာန (Anti Scam Center) ကိုဖွဲ့စည်းပြီး ဘဏ်နှင့် ငွေရေးကြေးဆိုင်ရာအဖွဲ့အစည်းများ၊ အီလက်ထရောနစ်ငွေပေးချေမှု ဝန်ဆောင်မှုပေးသူများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများအကြား သံသယဖြစ်ဖွယ်အကောင့်များ၏ ငွေကြေးစီးဆင်းမှုများနှင့် ဆက်သွယ်ရေးဆိုင်ရာအချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်များ၊ အချက်အလက်ဖလှယ်မှုနည်းပညာမှ တစ်ဆင့်အပြန်အလှန်ချိတ်ဆက်၍ သတင်းအချက်အလက်များ ဖလှယ်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုကျူးလွန်သူများကိုလည်း သေဒဏ်ချမှတ်နိုင်သည့်အထိ ထိထိရောက်ရောက် အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အဆိုပါဥပဒေမှုကြမ်းအတွက် အစီရင်ခံစာကို ကော်မတီကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထက်က ဖတ်ကြားတင်ပြခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုဆောင်ရွက်နိုင်ရန် အစီရင်ခံတင်ပြခဲ့သည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၈ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။
