သတိုး
၃. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ ဒေါ်လာ နှစ်ဘီလျံကျော်သာရှိနေသဖြင့် ပထမအဆင့်တွင် ဒေါ်လာ သုံးဘီလျံမှ ဒုတိယအဆင့်တွင် ဒေါ်လာ ငါးဘီလျံအထိ ရောက်ရှိအောင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ဆွေးနွေးနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့တွင် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ၊ The Taj Mahal Palace ဟိုတယ်၌ ကျင်းပသည့်မြန်မာ -အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar-India Business Dialogue) တွင် အဖွင့်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် သမ္မတအဖြစ် တာဝန်ယူပြီးချိန်တွင် စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့လာရောက်စဉ် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်မိုဒီနှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတတို့နှင့်လည်း တွေ့ဆုံခဲ့သကဲ့သို့ နယူးဒေလီမြို့တွင်လည်း မြန်မာ- အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲကိုကျင်းပပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ပြီး သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း၊ ယခုကဲ့သို့အခြေအအနေများအရ အိန္ဒိယနိုင်ငံမှတာဝန်ရှိသူများ အနေ ဖြင့် မြန်မာနိုင်ငံနှင့်ယုံကြည်စိတ်ချစွာ ပူးပေါင်းဆောင်ရွက်နိုင်သည်ကို ပြောကြား လိုကြောင်း ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက်ကုန်သွယ်မှု အများဆုံးနိုင်ငံ ဖြစ်သလို နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ စာချုပ်များလည်း ချုပ်ဆိုထားပြီး ဖြစ်သကဲ့သို့ ယခင်ကတည်းက နယ်စပ်ကုန်သွယ်ရေးစခန်းများမှလည်း ကုန်သွယ်မှုများပြုလုပ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် ပစ္စည်းများမှာ ပဲမျိုးစုံ၊ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုပစ္စည်းများကို အများဆုံးတင်ပို့လျက်ရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုအနေဖြင့် မိမိတို့ မြန်မာ နိုင်ငံဘက်မှ ထုတ်ပြန်သည့် စာရင်းများအရ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် မိမိတို့ နိုင်ငံမှပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလျံထိရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ မှ ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ ၈၀၀ အကြားတွင် ရှိကြောင်း၊ အများအားဖြင့် အိန္ဒိယနိုင်ငံဘက်မှ ဆေးဝါးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ ဓာတုဗေဒပစ္စည်းများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ လယ်ထွန်စက်နှင့်ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်သာရှိခဲ့သဖြင့် ပထမအဆင့်အနေဖြင့် အမေရိကန် ဒေါ်လာ ၃ ဘီလျံအထိရောက်ရှိအောင် ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဘီလျံအထိရောက်အောင် မျှော်မှန်းဆောင်ရွက်သွားရန် ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကုန်သွယ်မှုတွင်လည်း နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်စေရေး ကျပ်နှင့် ရူပီးတိုက်ရိုက်ပေးချေရေးသဘောတူညီထားပြီးဖြစ်ကြောင်း၊ မိမိအိန္ဒိယနိုင်ငံ ဗဟိုဘဏ်မှတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အိန္ဒိယနိုင်ငံမှ သွင်းကုန်များပိုမိုတင်သွင်းရန်ဆန္ဒရှိပြီး အထူးသဖြင့် သံနှင့် သံမဏိများ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီများ၊ ဆိုလာနှင့်ပတ်သက်သည့် ပစ္စည်းများကို တင်သွင်းသွားလိုကြောင်း၊ မိမိတို့နိုင်ငံမှလည်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ ဆန်နှင့် ရာဘာထွက်ပစ္စည်းများ တင်ပို့သွားလိုကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင် အိန္ဒိယ နွယ်ဖွားများများစွာရှိပြီး အပြန်အလှန်ကူးသန်း သွားလာမှုများ၊ ဗုဒ္ဓဂယာသို့ သွားရောက် လည်ပတ်မှုများရှိသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကိုလည်း တိုးမြှင့် ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ အလားတူ အိန္ဒိယနိုင်ငံအနေဖြင့် ကျန်းမာရေး ဆိုင်ရာပတ်သက်သည့် လုပ်ငန်းများမြင့်မားသကဲ့သို့ ပညာရေးနှင့်ဆိုင်သည့် လုပ်ငန်းရပ်များသည်လည်း မြင့်မားသည်ကိုတွေ့ရှိရသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း လာရောက် ရင်းနှီးမြှုပ်နှံသွားနိုင်ရန်အခွင့်အလမ်းများရှိကြောင်း ဆက်လက်ပြောကြားသည်။

အထက်ပါ ပြောကြားချက်များအပြင် မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများအနက် ၁၁ နိုင်ငံမြောက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးဖိတ်ခေါ်ကြောင်း၊ အထူးသဖြင့်စိုက်ပျိုး မွေးမြူရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍ စသည့်ကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သွင်းကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း ကုန်သွယ် မှုမြှင့်တင်သကဲ့သို့ မိမိတို့နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း အချို့ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဈေးကွက်သာမက အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် သတင်းအချက်အလက်၊ ဒီဂျစ်တယ်နှင့် အဆင့်မြင့်နည်းပညာအခြေပြုကဏ္ဍတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည့် အိန္ဒိယနိုင်ငံမှ နည်းပညာမြင့် လုပ်ငန်းများကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်ဖိတ်ခေါ်လိုကြောင်း၊ ဆေးဝါးကုသမှုနှင့်ပတ်သက်၍လည်း အိန္ဒိယနိုင်ငံသည် ဆေးဝါးထုတ် လုပ်မှု တွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးသွင်းကုန်များကို အိန္ဒိယနိုင်ငံမှ အများဆုံးတင်သွင်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို မြန်မာနိုင်ငံ၌လာရောက်ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာတွင်လည်း ကမ္ဘာထိပ်တန်းနိုင်ငံများတွင်ပါဝင်သဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့် မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အရေးများစွာ ရှိကြောင်း၊ မိမိနှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် အသေးစိတ်ထပ်မံဆွေးနွေးနိုင်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ခြင်းအားဖြင့် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုခိုင်မာမှုကိုအထောက်အကူပြုမည်ဖြစ်သကဲ့သို့ သမိုင်းကြောင်းအရတည်ရှိခဲ့သည့် မိမိတို့နှစ်နိုင်ငံ၏ ရင်းနှီးမှုကိုလည်း ပိုမိုအားပေးရာရောက် မည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၈ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် နှစ် ၈၀ ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါ နှစ်(၈၀) ပြည့်သံတမန်ဆက်ဆံမှု အထိမ်းအမှတ်ကိုအားဖြည့်သည့် အနေဖြင့် နှစ်နိုင်ငံကုန်သွယ် ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးကြစေလိုကြောင်း ဆက်လက် ပြောကြားခဲ့သည်။
