




MT News
၃၀. ၅. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့(မေ ၃၀ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် နယူးဒေလီမြို့သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဂါယာလေဆိပ်မှ အထူးလေယာဥ်ဖြင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာပြီး၊ လေဆိပ်တွင် ကော်လ်ကတ္တားမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဘီဟာပြည်နယ်အစိုးရတာဝန်ရှိသူများက ပို့ဆောင် နှုတ်ဆက်ခဲ့သည်။
ယခု ခရီးစဥ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝန်ကြီးချုပ်နှင့် ဇွန် ၁ ရက်တွင် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲများကျင်းပခြင်းတို့အပြင် အိန္ဒိယ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ထို့အပြင် အထင်ကရအခြေခံ အဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
