




သက်တံ့
၃၀. ၅. ၂၀၂၆
ညသန်းခေါင်ပလုံကောက်သည့် သားအမိကို ကားတစ်စီးက ဝင်တိုက် မောင်းပြေးသဖြင့် မိခင်သေဆုံးကာ သားငယ်ဒဏ်ရာရမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ယနေ့ မေ ၃၀ ရက်က ဖြစ်ပွားခဲ့သည်ဟု ဝန်းရံမှူးလူမှုကူညီရေးအသင်း၏ ကူညီပေးမှုမှတ်တမ်းအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မေ ၃၀ ရက်ကူးစ နံနက် ၁၂ နာရီအချိန်ခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း ဦးဝိစာရလမ်းပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပလုံကောက်သည့် တွန်းလှည်းကို တိုက်ပြီး တိုက်သည့်ကားက မောင်းပြေးသွားခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်စဥ်အတွင်း ပလုံကောက်သည့် မိခင်သေဆုံးကာ သားငယ် မောင်ပြည့်စုံအောင် ဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူများကို ဝန်းရံမှူးလူမှုကူညီရေးအသင်း ယာဥ်နှင့် မြောက်ဥက္ကလာဆေးရုံ ပို့ဆောင်ပေးခဲ့သည်။
သေဆုံးသူအမျိုးသမီးကို မြောက်ဥက္ကလာဆေးရုံမှအလောင်းထုတ်ယူပြီး ကျီစုသုသာန်တွင် မီးင်္သဂြိုဟ်ပေးမည်ဖြစ်ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းမှ သိရသည်။
ဒဏ်ရာရ ကလေးငယ်မှာ နေ့တွင် ကျောင်းတက်ပြီး ညအချိန်တွင် မိခင်နှင့်အတူ ပလုံကောက်ကာ မိဘကို ကူညီနေသူဖြစ်ပြီး အဆိုပါ ကလေးငယ် ကျောင်းတက်နိုင်ရေးကို မေတ္တာသင်္ဂဟအသင်းက ကူညီပေးနေကြောင်းလည်း သိရသည်။
“ဒီနေ့တော့ စိတ်မကောင်းဘူးဗျာ။ နွေရာသီစာသင်ဝိုင်းက ပလုံကောက်ရင်း စာလာသင်နေတဲ့ ဒီနှစ် ကျောင်းစထားပေးမဲ့ သား ပြည်စုံအောင်တို့ သားအမိ ညက ပလုံကောက်သွားရင်း ကားတိုက်ခံရတာ အမေက နေရာမှာတင်ဆုံးသွားပြီး သား ပြည့်စုံအောင်က ဒဏ်ရာ အနည်းငယ်ပဲ ရတယ်လို့ သိရတယ်ဗျာ။ ညနက်ကြီးပလုံကောက်တာကြောင့်လို့ အပြစ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူတို့လို လူတွေဟာ အများစွန့်ပစ်တဲ့ အမှိုက်ပုံတောင် ကန်ထရိုက်စနစ်ပုံစံမျိုး ပိုက်ဆံပေးပြီးကောက်တဲ့သူတွေရှိတဲ့အတွက် သူတို့မရှိတဲ့ အခုလို အချိန်မတော်မှ ထွက်ကောက်ရတာပါ။ ကားသမားကလည်း ထွက်ပြေးသွားတာဆိုတော့ သူတို့လို မျက်နှာမွဲတွေအတွက်တော့ ကံဆိုးတာလို့ပဲ ပြောရတော့မှာပေါ့”ဟု မေတ္တာသင်္ဂဟအသင်းမှ ဦးမင်းဒင်က လူမှုကွန်ရက်တွင် ဖွင့်ဟထားသည်။
ဓာတ်ပုံ – ဝန်းရံမှူး၊ မေတ္တာသင်္ဂဟအသင်း
