သက်တံ့
၃၀. ၅. ၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် အီရန်နိုင်ငံအပေါ် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြည်သူများသည် လောင်စာဆီအတွက် ဒေါ်လာ ၅၉ ဘီလျံ ပိုမိုသုံးစွဲခဲ့ရပြီး အဆိုပါ ကုန်ကျစရိတ်အပိုများသည် ယခုနှစ်၏ ပျမ်းမျှအခွန်ပြန်အမ်းငွေ (Tax Refund) ကိုပင် ကျော်လွန်သွားပြီဖြစ်ကြောင်း သောကြာနေ့ (မေ ၂၉ ရက်) က ထုတ်ပြန်ခဲ့သည့် Moody’s (Moody’s Corporation) ၏ အစီရင်ခံစာတစ်ခုအရ သိရသည်။
Moody’s သည် အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး အကြွေးပေးဆပ်နိုင်မှု အရည်အသွေး သတ်မှတ်သည့်အဖွဲ့ (Credit Rating Agency) ကြီး ၃ ခုအနက် တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါအဖွဲ့၏ အကြီးအကဲ စီးပွားရေးပညာရှင် မာ့ခ် ဇန်ဒီ (Mark Zandi) ၏ ခန့်မှန်းချက်အရ လောင်စာဆီစရိတ် မြင့်တက်လာမှုကြောင့် အမေရိကန်အိမ်ထောင်စုတစ်စုလျှင် ပျမ်းမျှ ဒေါ်လာ ၄၅၀ ခန့် ပိုမိုကုန်ကျနေကြောင်း CNBC ၏ ဝါရင့်စီးပွားရေးသတင်းထောက် စတိဗ် လီးစ်မန်း (Steve Liesman) က အဆိုပါရုပ်သံလိုင်း၏ ‘Squawk Box’ အစီအစဉ်တွင် ပြောကြားခဲ့သည်။ “ဒီအထဲမှာ ဓာတ်ဆီဖိုးက အများဆုံးဖြစ်ပြီး၊ နောက်ပြီး ဒီဇယ်ဆီဖိုးနဲ့ လေကြောင်းလိုင်းခတွေ မြင့်တက်လာမှုမှာ ပါဝင်နေတဲ့ လေယာဉ်ဆီဖိုးတွေလည်း ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အစပိုင်းတွင် အခွန်ပြန်အမ်းငွေပမာဏ တိုးလာမှု (တစ်အိမ်ထောင်လျှင် ပျမ်းမျှ ဒေါ်လာ ၃၈၀ ခန့် ပိုမိုရရှိမှု) ကြောင့် ယခုဆီဈေးကြီးမြင့်မှုကို ကာမိခဲ့သော်လည်း မေလလယ်ပိုင်းအရောက်တွင်မူ “လောင်စာဆီစရိတ်အပိုက အခွန်ပြန်အမ်းငွေထက် ကျော်လွန်သွားခဲ့ပြီး အခုဆိုရင် ပိုလို့တောင် မြင့်တက်နေပြီဖြစ်ကြောင်း” Mediaite ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် မှတ်တမ်းအရ လီးစ်မန်းက ပြောသည်။
“စစ်ပွဲသာ မကြာမီ မပြီးဆုံးဘူးဆိုရင် ဘဏ္ဍာရေးအရ ကျပ်တည်းနေတဲ့ စားသုံးသူတွေအနေနဲ့ အသုံးစရိတ်ကို ပိုပြီး သတိထားလျှော့ချဖို့ကလွဲလို့ တခြားရွေးချယ်စရာ ရှိမှာမဟုတ်ပါဘူး။ ဒါဟာ အားနည်းနေနှင့်ပြီးသား စီးပွားရေးကို ပိုပြီး ခြိမ်းခြောက်လာပါလိမ့်မယ်” ဟု ဇန်ဒီ၏ ခန့်မှန်းချက်ကို ကိုးကား၍ လီးစ်မန်းက သတိပေးခဲ့သည်။
အလားတူ သတိပေးချက်မျိုးကို Goldman Sachs ရင်းနှီးမြှုပ်နှံမှုဘဏ်၏ အစီရင်ခံစာတွင်လည်း ဖော်ပြထားပြီး “ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသုံးစရိတ်ဆိုင်ရာ အဟန့်အတားများသည် ယခုနှစ် လက်ကျန်ကာလအတွင်း အသုံးစရိတ် တိုးတက်မှုကို ဖိစီးနှိပ်စက်လိမ့်မည်” ဟု မျှော်လင့်ရကြောင်း လီးစ်မန်းက ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ The Independent သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
သို့သော်လည်း ထိုနေ့အစောပိုင်းက အကြီးတန်း ဒုတိယသတင်းပြန်ကြားရေးအတွင်းရေးမှူး ကွတ်ရှ် ဒီဆိုင်း (Kush Desai) က “အီရန်ရဲ့ အကြမ်းဖက်မှု ခြိမ်းခြောက်မှုကို ချေမှုန်းနိုင်ပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) က ကုန်သွယ်ရေး သွားလာမှုတွေ ပြန်လည်ပုံမှန်ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် အမေရိကန်ပြည်သူတွေအနေနဲ့ ဆီဈေးနှုန်းတွေ ပြန်ကျသွားတာ၊ တကယ့်လုပ်ခလစာတွေ တိုးတက်လာတာ၊ ငွေကြေးဖောင်းပွမှု လျော့ကျသွားတာနဲ့ ဒေါ်လာ ထရီလျံချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာတာကို ပြန်မြင်တွေ့ရမှာပါ” ဟု ပြောကြားခဲ့သည်။
American Automobile Association ၏ အချက်အလက်များအရ သောကြာနေ့တွင် အသုံးများသည့် သာမန်ဓာတ်ဆီတစ်ဂါလန်လျှင် ပျမ်းမျှ ၄ ဒသမ ၃၉ ဒေါ်လာ ရှိနေပြီး ယခင်အပတ်က ၄ ဒသမ ၅၅ ဒေါ်လာထက် အနည်းငယ် ပြန်ကျလာသော်လည်း ပြီးခဲ့သည့်နှစ်က ၃ ဒသမ ၁၇ ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်နေခြင်း ဖြစ်သည်။ သို့သော်လည်း သမ္မတ ထရမ့်ပ်က ဆီဈေးနှုန်းအပေါ် စိုးရိမ်မှုများကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။
အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့ စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ၆ ရက်မြောက်နေ့တွင် ထရမ့်ပ်က ရိုက်တာသတင်းဌာနသို့ ပြောကြားရာ၌ ဆီဆိုင်က ဆီဈေးနှုန်းများအတွက် စိုးရိမ်ခြင်းမရှိကြောင်းနှင့် “ဒီကိစ္စပြီးသွားရင် ဆီဈေးက အမြန်ဆုံး ပြန်ကျသွားမှာပါ။ တက်ရင်လည်း တက်ပါစေ၊ ဒါပေမဲ့ ဒီကိစ္စ (အီရန်အရေး) က ဓာတ်ဆီဈေး နည်းနည်းတက်တာထက် အများကြီး ပိုအရေးကြီးပါတယ်” ဟု ပြောဆိုခဲ့သည်။
Roll Call သတင်းဌာန၏ အဆိုအရ ဧပြီလနှောင်းပိုင်းက သတင်းထောက်တစ်ဦးက အမေရိကန်ပြည်သူများသည် “မမြင်နိုင်သော အနာဂတ်ကာလအထိ” ဆီဖိုး ပိုမိုသုံးစွဲရန် ပြင်ဆင်ထားသင့်သလားဟု မေးမြန်းရာတွင် ထရမ့်ပ်က ပခုံးတွန့်ပြကာ တုံ့ပြန်ခဲ့သည်။
“ခဏတဖြုတ်ပါပဲ” ဟု ၎င်းက ဆိုကာ “ဒီလိုပေးရလို့ ဘာပြန်ရမလဲသိလား။ ကျွန်တော်တို့ မြို့တစ်မြို့ကိုဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကိုဖြစ်ဖြစ် ဗုံးခွဲဖျက်ဆီးဖို့ ကြိုးစားမယ့် နျူကလီးယားလက်နက်မရှိတဲ့ အီရန်နိုင်ငံကို ရမှာပါ” ဟု ပြောခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်အပတ် မန်မိုရီရယ်ဒေး (Memorial Day) အားလပ်ရက် ခရီးသွားရာသီမတိုင်မီကလည်း ထရမ့်ပ်က အီရန်ထံမှ လာမည့် ခြိမ်းခြောက်မှုနှင့် နှိုင်းယှဉ်လျှင် ဆီဈေးတက်ခြင်းသည် “အသေးအဖွဲကိစ္စ (Peanuts)” သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
Costco လက်လီကုမ္ပဏီကြီးက ကြာသပတေးနေ့တွင် ပြောကြားရာ၌ ဈေးနှုန်းသက်သာမှုကို ရှာဖွေနေသည့် သုံးစွဲသူများနှင့် အဖွဲ့ဝင်သစ်များကြောင့် တတိယသုံးလပတ်အတွင်း ဆီရောင်းချရမှုပမာဏမှာ “စံချိန်တင်” မြင့်တက်ခဲ့ကြောင်း CNBC က ဖော်ပြသည်။
ထရမ့်ပ်သည် လောင်စာဆီဈေးနှုန်းကို ထိန်းချုပ်ရန်အတွက် ရာစုနှစ်တစ်ခု သက်တမ်းရှိပြီဖြစ်သော ဂျုန်းစ်အက်ဥပဒေ (Jones Act) ကို ယာယီဆိုင်းငံ့ပေးခြင်းဖြင့် နိုင်ငံခြားအလံစိုက် သင်္ဘောများကို အမေရိကန်ဆိပ်ကမ်းများအကြား ရေနံနှင့် လောင်စာဆီ သယ်ယူပို့ဆောင်ခွင့် ပြုခဲ့သည်။
သို့သော်လည်း သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားခြင်းနှင့် ပါဝင်သည့် လောင်စာဆီပမာဏ နည်းပါးခြင်းတို့ကြောင့် ယင်းလုပ်ဆောင်ချက်သည် ထူးထူးခြားခြား ပြောင်းလဲမှု မရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
“ဒီဥပဒေ ကင်းလွတ်ခွင့်ဟာ သူ့ (ထရမ့်ပ်) ကို အကြံပေးထားသလိုမျိုး ဆီဆိုင်က ဆီဈေးနှုန်းတွေကို ကျဆင်းစေတာ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကုန်ပစ္စည်းစီးဆင်းမှုကို သိသိသာသာ တိုးတက်စေတာမျိုး ဖြစ်မလာခဲ့ပါဘူး” ဟု ဂျုန်းစ်အက်ဥပဒေကို ထောက်ခံသည့် American Maritime Partnership အဖွဲ့၏ ဥက္ကဋ္ဌ ဂျန်းနီဖာ ကာပန်တာ (Jennifer Carpenter) က ပြောကြားခဲ့သည်။
Ref : The Independent
