ဓာတ်ပုံ - လင်းဓနမွန် Facebook
၃၀.၅.၂၀၂၆
Written by Linn Eain
မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံ(မင်္ဂလာဒုံ) သွားနှင့်ခံတွင်းအထူးကုဌာန မကြာခင်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်ပွဲတွင် ဆရာတော်၊ သံဃာတော်အပါး ၅၀ အား အံကပ်များ ကပ်လှူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မေ ၃၀ ရက်တွင် သိရသည်။
အထူးကုဆေးရုံ (မင်္ဂလာဒုံ) သွားနှင့်ခံတွင်းအထူးကုဌာန ဖွင့်ပွဲတွင် မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့မှ သံဃာတော်များကို အံကပ်များ ကပ်လှူနိုင်ရန်အတွက် အံပုံများ စတင်ယူနေပြီလည်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒဝင်းက “ဒီရက်ပိုင်းလောက် ဖွင့်မှာပါ။ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်ဆေးရုံရော၊ သာကေတရော အားလုံးက အခမဲ့ပါ။ တက္ကသိုလ်ဆေးရုံမှာဆိုရင် ဆရာတို့ဖွင့်ခဲ့တာ ကြာလှပြီ။ အခု အထူးကုဌာနက အသစ်ပါ။ ဆရာတို့မှာ ရှိပြီးသား ဆေးရုံမှာ တိုးဖွင့်တာပါ။ ဖွင့်ပွဲမှာ ရဟန်းသံဃာအပါး ၅၀ ကို အံကပ်တပ် လှူဒါန်းပါမယ်” ဟု ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်နှင့် နီးစပ်ရာမြို့နယ်များမှ အများပြည်သူများအနေဖြင့် သွားကျန်းမာရေးနှင့် သွားအရေးပေါ်အခြေအနေများကို အခမဲ့လာရောက်ပြသ ကုသမှုခံယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ထားပြီးဖြစ်သော သွားဆေးတက္ကသိုလ်(သု၀ဏ္ဏ)၊ ရန်ကုန်တက္ကသိုလ်ဆေးရုံနှင့် သာကေတမြို့နယ် သွားနှင့်ခံတွင်းအထူးဆေးရုံတို့တွင်လည်း သွားကျန်းမာရေးနှင့် ပတ်သက်၍ ပိတ်ရက်မရှိ သက်ဆိုင်ရာနေ့အလိုက် အခမဲ့သွားရောက်ပြသနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – လင်းဓနမွန် Facebook
