သတိုး
၂၈. ၅. ၂၀၂၆
ယာဉ်အို/ ယာဉ်ဟောင်းများကို အပ်နှံယာဥ်၏ တန်ဖိုးနှင့်အညီ EV ဖြင့် အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည့်အပြင် ကျသင့်ဒေါ်လာကိုလည်း ဗဟိုဘဏ်က သင့်တင့်သော စျေးနှုန်းဖြင့် ရောင်းချပေးမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်သည့် ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေးဆိုင်ရာအသိပေးကြေညာချက်အရ သိရသည်။
မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှု ဖြစ်ခြင်း၊ ယာဉ်များ၏ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုး လဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။
ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။
