၃. ၃. ၂၀၂၃
Written by Ye Kyaw
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သန်းကျော်တင်ပို့နိုင်ခဲ့သဖြင့် နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ပြီး ဇန်နဝါရီတွင် အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၀၉၉ သန်းတင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှဝင်ငွေ ဒေါ်လာ ၇၈၃ သန်းရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ဇန်နဝါရီလတွင် တန်ချိန် ၂၆၈,၈၃၅ တန်တင်ပို့မှုမှ ဒေါ်လာ ၁၀၇ သန်းဖြင့် အများဆုံးတင်ပို့ထားခြင်းဖြစ်ပြီး နိုဝင်ဘာလတွင် တန်ချိန် ၂၆၄,၀၃၈ တန်တင်ပို့မှုမှ ဒေါ်လာ ၁၀၆ သန်းဖြင့် ဒုတိယအများဆုံး တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ လအလိုက်ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကို လေ့လာကြည့်ပါက ဧပြီလတွင် တန်ချိန် ၂၅၀,၉၄၇ တန်တင်ပို့မှုမှ ဒေါ်လာ ၈၂ သန်း၊ မေလတွင် တန်ချိန် ၁၅၃,၅၀၇ တန်တင်ပို့မှုမှ ဒေါ်လာ ၅၁ သန်း၊ ဇွန်လတွင် တန်ချိန် ၁၄၆,၀၉၄ သန်းတင်ပို့မှုမှ ဒေါ်လာသန်း ၅၀၊ ဇူလိုင်လတွင် တန်ချိန် ၁၈၂,၅၅၀ တန်တင်ပို့မှုမှ ဒေါ်လာ ၆၆ သန်း၊ ဩဂုတ်လတွင် တန်ချိန် ၁၅၆,၈၉၃ တန်တင်ပို့မှုမှ ဒေါ်လာ ၅၃ သန်း၊ စက်တင်ဘာလတွင် တန်ချိန် ၉၃,၇၉၂ တန်တင်ပို့မှုမှ ဒေါ်လာ ၃၇ သန်း၊ အောက်တိုဘာလတွင် တန်ချိန် ၁၆၃,၁၈၉ တန်တင်ပို့မှုမှ ဒေါ်လာ ၆၅ သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် ၂၂၈,၄၄၅ တန်တင်ပို့မှုမှ ဒေါ်လာသန်း ၉၀၊ ဖေဖော်ဝါရီတွင် တန်ချိန် ၁၉၁,၄၀၄ တန်တင်ပို့မှုမှ ဒေါ်လာ ၇၆ သန်း စသည်ဖြင့် တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေး နှစ်ခုလုံးဖြင့် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်မှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။


