သတိုး
၂၅. ၅. ၂၀၂၆
တရုတ်နိုင်ငံ၊ ဟန်ကျိုး (Hangzhou) အခြေစိုက် စွန့်ဦးတီထွင်နည်းပညာ Startup ကုမ္ပဏီတစ်ခုဖြစ်သည့် မန်ရှောက်ယီ (Meng Xiaoyi) ကုမ္ပဏီသည် မတူညီသော သက်ရှိမျိုးစိတ်များအကြား ဆက်သွယ်ပြောဆိုမှုကို အထောက်အကူပြုနိုင်ပြီး တိကျမှုနှုန်း ၉၅ ရာခိုင်နှုန်းအထိ ရှိသည်ဟုဆိုသော အဆင့်မြင့် ဉာဏ်ရည်တု (AI) ကိရိယာတစ်ခုကို လူသုံးကုန်ဈေးကွက်သို့ မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။
ကုမ္ပဏီတာဝန်ရှိသူများက ၎င်းတို့၏ ကိရိယာသည် ဖုန်းထဲတွင် ပျော်စေပျက်စေ ထည့်သွင်းအသုံးပြုကြသည့် သာမန်ဘာသာပြန် Application များနှင့် လုံးဝကွာခြားကြောင်း တရားဝင်ပြောဆိုထားပြီး နေ့စဉ်လူမှုဘဝတွင် တိရစ္ဆာန်များနှင့် ထိရောက်စွာ အပြန်အလှန် ဆက်သွယ်ပေးနိုင်ကြောင်း အခိုင်အမာ အာမခံထားသည်။

မန်ရှောက်ယီ ကုမ္ပဏီသည် ဈေးကွက်အတွင်း တရားဝင်မရောင်းချမီ မေလ ၁ ရက်နေ့ကတည်းက ကြိုတင်မှာယူမှု (Pre-orders) များကို လက်ခံခဲ့ရာ လက်ရှိတွင် နိုင်ငံတကာမှ သုံးစွဲသူပေါင်း ၁၀,၀၀၀ ကျော် လာရောက်မှာယူထားကြပြီးဖြစ်သည်။ ၎င်းကို လာမည့် မေလ ၃၀ ရက်နေ့တွင် တရားဝင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်ယွမ်ငွေ ၇၉၉ ယွမ် (အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၈ ဒေါ်လာခန့်) တန်ဖိုးရှိသည့် ဤအိတ်ဆောင်အိမ်မွေးတိရစ္ဆာန် ဘာသာပြန်ကိရိယာသည် လတ်တလောတွင် ခွေးနှင့်ကြောင် နှစ်မျိုး၏ အသံနှင့် အပြုအမူများကို အဓိကထား ဘာသာပြန်ပေးနိုင်ခြင်း ဖြစ်သည်။ ၎င်းကို Alibaba Cloud ၏ Qwen Large Language Model (အကြီးစားဘာသာစကားမော်ဒယ်) ကို အသုံးပြု၍ တည်ဆောက်ထားခြင်းဖြစ်ပြီး ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော အသံများနှင့် လက်တွေ့ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ (Real-time) ခွဲခြမ်းစိတ်ဖြာပေးနိုင်သည်။
◾️ ခွေး၊ ကြောင်တို့၏ အော်သံကို လူနားလည်အောင် ဘာသာပြန်ပေးခြင်း
အလေးချိန် ၂၇ ဂရမ်သာရှိသည့် ဤ AI လည်ပတ်ကိရိယာသည် အိမ်မွေးတိရစ္ဆာန်များ၏ လည်ပင်းတွင် ဆွဲထားရုံဖြင့် အလုပ်လုပ်မည်ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ၏ လက်ထဲတွင်မူ လည်ပတ်နှင့် ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်ထားမည့် ကိရိယာငယ်တစ်ခု ပါရှိမည်ဖြစ်သည်။ ၎င်းစနစ်သည် တိရစ္ဆာန်များ၏ ဟောင်သံ၊ ညောင်ညောင်အော်သံနှင့် အခြားအသံထွက်ပုံစံ (Vocal patterns) များကို မိုက်ခရိုဖုန်းများနှင့် လှုပ်ရှားမှုဆင်ဆာများ အသုံးပြုကာ ဖမ်းယူဆန်းစစ်ပေးမည် ဖြစ်သည်။

ထို့အပြင် တိရစ္ဆာန်များ၏ ခန္ဓာကိုယ်လှုပ်ရှားမှု၊ အမူအရာ၊ အပြုအမူနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ နောက်ကွယ်မှ အမြဲမပြတ် စောင့်ကြည့်စစ်ဆေးပြီး အသံနှင့် အပြုအမူတို့ကို ပေါင်းစပ်ကာ တိရစ္ဆာန်များ၏ စိတ်ခံစားချက် အမျိုးပေါင်း ၂၀ ကျော်ကို ခွဲခြားပြီး ၎င်းတို့ အမှန်တကယ် ဘာပြောချင်နေသည် (ဥပမာ- “ကျွန်တော် ဆာနေပြီ”၊ “ကျွန်မ ဆော့ချင်တယ်”) ဆိုသည်ကို လူသားတို့ နားလည်နိုင်မည့် စကားလုံးများအဖြစ် ချက်ချင်း ပြောင်းလဲဖော်ပြပေးမည် ဖြစ်သည်။
◾️ လူပြောစကားကိုပါ တိရစ္ဆာန်များ နားလည်အောင် ပြန်ဆိုပေးနိုင်ခြင်း
ထို့အပြင် အဆိုပါ AI ကိရိယာသည် တိရစ္ဆာန်များ၏ အော်သံကို လူစကားပြန်ပေးရုံတင်မကဘဲ လူပြောသည့် စကားကိုပါ တိရစ္ဆာန်များ နားလည်နိုင်မည့် အသံလှိုင်းကြိမ်နှုန်းများအဖြစ် ပြောင်းလဲပေးနိုင်သည်။ ကုမ္ပဏီ၏ လက်တွေ့စမ်းသပ်ပြသမှုများအရ ပိုင်ရှင်ဖြစ်သူက “အပြင်သွားတော့မည်” သို့မဟုတ် “ငြိမ်ငြိမ်နေပါ၊ စိတ်အေးအေးထားပါ” ဟု လူလို ပြောလိုက်ပါက ၎င်း AI စနစ်က ပိုင်ရှင်၏ စကားလုံးနှင့် လေသံကို ဆန်းစစ်ကာ အိမ်မွေးတိရစ္ဆာန်များ စိတ်အေးချမ်းစေမည့် သီးသန့်အသံတိုလေးများ၊ အော်သံတိုလေးများ ထုတ်လွှင့်ပေးပြီး တိရစ္ဆာန်ကို ငြိမ်သက်သွားအောင် လုပ်ဆောင်ပေးနိုင်ကြောင်း သိရသည်။
ထုတ်ကုန်မိတ်ဆက်ပွဲ စမ်းသပ်ချက်တစ်ခုတွင် ပိုင်ရှင်ဖြစ်သူက ကိရိယာကို ကြည့်ပြီး “အပြင်ခဏသွားဦးမယ်၊ လိမ်လိမ်မာမာနေရစ်နော်” ဟု လူလို ပြောလိုက်သည်။ ထိုအခါ လည်ပင်းတွင် ဆွဲထားသည့် ကိရိယာက အဆိုပါ စကားလုံး၏ နောက်ကွယ်က ခွဲခွာခြင်း အဓိပ္ပာယ်နှင့် ပိုင်ရှင်၏ အသံနေအထားကို ချက်ချင်း ဆန်းစစ်လိုက်သည်။ ထို့နောက် ခွေးများ စိတ်အေးချမ်းစေပြီး အခြေအနေကို သဘောပေါက်စေမည့် အသံကြိမ်နှုန်းအနိမ့် (Low-frequency whining/calming sound) အသံတိုလေးတစ်ခုကို ကိရိယာမှ ထုတ်လွှင့်ပေးခဲ့သည်။ ယင်းကို ကြားရသည့်အခါ ခွေးသည် ဂနာမငြိမ်ဖြစ်မနေတော့ဘဲ ငြိမ်သက်စွာ ဝပ်နေခဲ့သည်ကို ပြသခဲ့သည်။
ဤ AI စနစ်ကို နှစ်ပေါင်းများစွာ သုတေသနပြု စမ်းသပ်မှုများမှတစ်ဆင့် စုဆောင်းထားသည့် တိရစ္ဆာန်များ၏ အသံအမှတ်အသား (Voiceprints) ဒေတာဘေ့စ်အမြောက်အမြားဖြင့် မောင်းနှင်ထားခြင်း ဖြစ်သည်။
◾️ လွတ်လပ်သော အဖွဲ့အစည်းများနှင့် လူမှုကွန်ရက်အသိုင်းအဝိုင်း၏ သံသယများ
သို့သော်လည်း ကုမ္ပဏီအနေဖြင့် ဤမျှအထိ တိကျသည်ဟု အခိုင်အမာ ပြောဆိုနေသော်လည်း ၎င်း ၉၅ ရာခိုင်နှုန်းဆိုသည့် ကိန်းဂဏန်းကို မည်သို့သောအခြေအနေမျိုးတွင် စမ်းသပ်ခဲ့သလဲ သို့မဟုတ် ဒေတာပမာဏ မည်မျှအပေါ် အခြေခံပြီး တွက်ချက်ခဲ့သလဲ ဆိုသည်ကိုမူ ရှင်းလင်းစွာ ထုတ်ပြန်ထားခြင်း မရှိပေ။
တိကျမှုနှုန်း ၉၅ ရာခိုင်နှုန်းဆိုသည့်အချက်အပေါ် ဝေဝါးနေမှုအပြင် မန်ရှောက်ယီ၏ အမှုဆောင်အဖွဲ့သည် ၎င်းတို့ ကြော်ငြာထားသော ဘာသာပြန်စွမ်းဆောင်ရည်ကို သက်သေပြနိုင်မည့် ပညာရှင်များအချင်းချင်း စိစစ်ထားသည့် သုတေသနစာတမ်း (Peer-reviewed study) တစ်စောင်တစ်ဖွဲ့မျှ ထုတ်ပြန်ထားခြင်း မရှိကြောင်း သိပ္ပံပညာရှင်များ အသိုင်းအဝိုင်းက ထောက်ပြထားသည်။ လွတ်လပ်သော သုတေသီများကလည်း ကုမ္ပဏီအနေဖြင့် အခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုခုအား ရလဒ်များကို ထပ်မံစမ်းသပ် စစ်ဆေးခိုင်းထားခြင်းမျိုးလည်း မရှိကြောင်း သတိပြုမိကြသည်။
ထို့အပြင် အွန်လိုင်းလူမှုကွန်ရက် (X) ပေါ်ရှိ အသုံးပြုသူအချို့ကလည်း ကုမ္ပဏီ၏ သရုပ်ပြဗီဒီယိုအပေါ် သံသယဖြစ်ဖွယ် တုံ့ပြန်မှုများ ရှိနေကြသည်။ အသုံးပြုသူတစ်ဦးက “၉၅ ရာခိုင်နှုန်း တိကျတယ်လို့ သူတို့ပြောတာကို လူတွေက ဘာမှမမေးခွန်းထုတ်ဘဲ ယုံနေကြတာ အံ့ဩဖို့ကောင်းတယ်။ ခွေးတွေ၊ ကြောင်တွေက အင်္ဂလိပ်လိုပြောပြီး ဒါက မှန်ပါတယ်လို့ လာအတည်ပြုပေးတဲ့ တရားဝင်အဖွဲ့အစည်း ရှိလို့လား” ဟု ရေးသားခဲ့သလို၊ အခြားအသုံးပြုသူတစ်ဦးကလည်း “ဒါ တိရစ္ဆာန်က ပြောတာမဟုတ်ဘူး၊ AI က လျှောက်ပြောနေတာ။ AI အတွက် လိမ်ညာဖို့ အခွင့်အရေးကောင်းတစ်ခုပဲ” ဟု ဝေဖန်ခဲ့သည်။
တစ်ဖက်တွင်လည်း အိမ်မွေးတိရစ္ဆာန်ချစ်သူ အချို့က ယခုကဲ့သို့ ကိရိယာမျိုးကို အသုံးမလိုကြောင်း ပြောဆိုကြပြီး “ကျွန်တော့်ခွေးလေး ဘာလိုချင်လဲဆိုတာ သိဖို့ လည်ပတ်မလိုပါဘူး။ သူက အချစ်နဲ့ အစားအစာပဲ လိုချင်တာ၊ အဓိကကတော့ အစားအစာပေါ့” ဟုလည်းကောင်း၊ “ကျွန်တော့်ကြောင်လေး ဘာပြောလဲဆိုတာ ကျွန်တော် ကိုယ်တိုင် သိပါတယ်၊ ကျေးဇူးပဲ” ဟုလည်းကောင်း တုံ့ပြန်ရေးသားခဲ့ကြသည်။
လူထုထံ ချပြထားသည့် အချက်အလက်များ မရှိခြင်းကြောင့် ဤကိရိယာ၏ စွမ်းဆောင်ရည်များသည် ထိန်းချုပ်ထားသည့် စမ်းသပ်ခန်းပတ်ဝန်းကျင်အတွင်းမှာသာ အလုပ်လုပ်နိုင်ခြင်းလော သို့မဟုတ် ပြင်ပလက်တွေ့ကမ္ဘာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်နိုင်ပါ့မလား ဆိုသည်ကို တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် AI ကျွမ်းကျင်သူများအဖို့ အကဲဖြတ်ရန် ခက်ခဲနေဆဲဖြစ်သည်။
Ref: NDTV Profit & India Today
