သက်တံ့
၂၅. ၅. ၂၀၂၆
တောင်ကိုရီးယားနိုင်ငံ၊ ချိုဒန်တက္ကသိုလ်ပိုင် အပေါ့စားလေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မေ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်တွင် ဂျောင်လာနမ်ဒိုပြည်နယ် (South Jeolla Province)၊ ဟဲနမ်ခရိုင် (Haenam County)၊ မွန်မြွန်း (Munmyeon) ရှိ စပါးခင်းတစ်ခုအတွင်းသို့ လေ့ကျင့်ရေးအပေါ့စားလေယာဉ်တစ်စီး ပျက်ကျပျက်စီးခဲ့သည်။ အဆိုပါမတော်တဆမှုကြောင့် အသက် (၂၉) နှစ်အရွယ် လေယာဉ်နည်းပြနှင့် အသက် (၂၄) နှစ်အရွယ် သင်တန်းသားတို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး လတ်တလောတွင် ဆေးဝါးကုသမှု ခံယူနေကြရသည်။
၎င်းအပေါ့စားလေယာဉ်မှာ ချိုဒန်တက္ကသိုလ် (Chodang University) ပိုင် လေယာဉ်ဖြစ်ပြီး မတော်တဆမှုဖြစ်ပွားသည့်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်တွင် မူအန်လေဆိပ် (Muan Airport) မှ ထွက်ခွာလာပြီးနောက် ဟဲနမ်ရှိ ဆန်နူဘီလေဆိပ် (Saneubi Airport) သို့ ဦးတည်ပျံသန်းလာခြင်းဖြစ်သည်။
မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “လေယာဉ်ဟာ ပျက်ကျပြီးနောက်ပိုင်း ပေါက်ကွဲတာ ဒါမှမဟုတ် မီးလောင်ကျွမ်းတာမျိုး မရှိခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့နှင့် လေကြောင်းနှင့် ရထားလမ်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးကော်မတီတို့က မတော်တဆမှုဖြစ်ပွားရသည့် အသေးစိတ်အခြေအနေများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ချိုဒန်တက္ကသိုလ်ကလည်း မေ ၂၄ ရက်နေ့တွင် အနူးအညွတ်တောင်းပန်လွှာတစ်စောင် ထုတ်ပြန်ခဲ့ပြီး “ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို ပိုမိုတင်းကျပ် အားဖြည့်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Ref : THE CHOSUNILBO
