၂၅.၅.၂၀၂၆
Translated by Htwe Ko Tun
ပေါက်ကွဲစေတတ်သော ပစ္စည်းများသယ်ဆောင်လာသော ကားတစ်စီးက ရထားတစ်စင်းမှ တွဲတစ်ခုကို ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ ကွက်တာမြို့တွင် မေလ ၂၄ ရက်က ဝင်တိုက်ခဲ့ရာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားကာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံအတွင်း ငြိမ်သက်မှုမရှိသော နိုင်ငံအနောက်တောင်ပိုင်း ဘလူးချီစတန်ပြည်နယ်အတွင်း စစ်ဘက်ဝန်ထမ်းများတင်ဆောင်လာသော ရထားတစ်စင်းကို ပစ်မှတ်ထားကာ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြခြင်းဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ပြည်နယ်မြို့တော် ကွက်တာတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိသူ ၅၀ ဦးကျော် ရှိခဲ့ရာ စစ်ဘက်ဝန်ထမ်းများလည်း ပါဝင်ကြောင်း အရာရှိက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဓာတ်ပုံများတွင် လူများက ပျက်စီးနေသော ရထားတွဲတစ်ခုပေါ်တက်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြသည်ကိုတွေ့ရသလို သွေးစွန်းနေသော ဒဏ်ရာရသူများကို ထမ်းစင်များဖြင့် သယ်ဆောင်လာပြီး လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များက စောင့်ကြပ်နေသည်ကို တွေ့ကြရသည်။
အရာရှိက စစ်တပ်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို တင်ဆောင်လာသော ရထားသည် ကွက်တာမြို့မှ ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ပက်ရှဝါမြိုသို့ ထွက်ခွာလာနေခြင်းဟုလည်း ပြောကြားခဲ့သည်။
ရထားသည် ကွက်တာမြို့ရှိ Chaman Pattak ဘူတာရုံတွင် အချက်ပြမီးကို ဖြတ်သန်းနေစဉ် ပေါက်ကွဲစေတတ်သောပစ္စည်းများတင်ဆောင်လာသော ကားတစ်စီးက ရထားတွဲတစ်ခုကို ဝင်တိုက်ပြီး ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ခြင်းဟု အရာရှိက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် အနီးနားရှိ ယာဉ်များပါ ပြတင်းပေါက်များ ကွဲအက်သွားပြီး ပျက်စီးသွားခဲ့သည်။
အခြား အရာရှိတစ်ဦးက စစ်ဘက်ဝန်ထမ်းများမှာ မေလ ၂၆ ရက်တွင် စတင်မည့် အိဒ်ပွဲတော်ကို ကျင်းပရန် ခရီးသွားနေကြကြောင်းလည်း AFP သို့ ပြောကြားခဲ့သည်။
ဘလူးချီစတန်သည် ပါကစ္စတန်၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် အကြီးဆုံး ဖြစ်သည်။ ပညာရေး၊ အလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကဏ္ဍများစွာတွင် နိုင်ငံ၏ ကျန်ဒေသအားလုံးနီးပါးထက် နောက်ကျနေသည်။
ဘလူးချီစတန် ခွဲထွက်ရေးသမားများက ပါကစ္စတန်အစိုးရအား ဒေသခံလူထုအတွက် အကျိုးမပြုဘဲ ပြည်နယ်၏ သဘာဝဓာတ်ငွေ့နှင့် ကြွယ်ဝသော သတ္တုအရင်းအမြစ်များကို အမြတ်ထုတ်နေသည်ဟု စွပ်စွဲလျက်ရှိကြသည်။
ခွဲထွက်စစ်သွေးကြွအဖွဲ့ Baloch Libeeration Army က မီဒီယာသို့ ကြေညာချက်တစ်စောင်တွင် ၎င်းတို့က ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်းနှင့် ၎င်းကို အသေခံဗုံးခွဲမှုအဖြစ် ဖော်ပြခဲ့သည်။
Ref-AFP


