၂၅.၅.၂၀၂၆
Written by Linn Eain
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်က စတင်၍ အပ်နှံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အထက (၆) ဗိုလ်တထောင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက “ဒီကျောင်းမှာတော့ ကျောင်းသားစုစုပေါင်း ၁၀၀၀ ကျော်ရှိပါတယ်။ ကလေးတွေကို ဒီနေ့ကစပြီး အပ်နှံတာလက်ခံလျက်ရှိပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးထားတဲ့ ဖတ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံတွေကိုလည်း ထုတ်ပေးလျက်ရှိပါတယ်။ ၃၁ ရက်နေ့အထိ ဆိုပေမဲ့ ခရီးလွန်နေလို့ နောက်ကျနေတဲ့ ကလေးတွေကိုလည်း ဆက်လက် လက်ခံသွားမှာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ကလေးငယ်များကို ကျောင်းစတင် အပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရမည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်၏ အခမဲ့ထောက်ပံ့မှုများတွင် သူငယ်တန်း (KG) မှ ပဉ္စမတန်း(Grade 5) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတစ်စုံထောက်ပံ့မည်ဖြစ်ပြီး ဆဋ္ဌမတန်း (Grade 6) မှ ဒွါဒသမတန်း (Grade 12 ) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားမိဘတစ်ဦးက “ဒီနေ့ စောစောလာအပ်ဖြစ်တယ်။ ငါးတန်းနဲ့ ခြောက်တန်းပါ။ အလုပ်မသွားခင်ပေါ့။ စောစောလာအပ်တော့ ဖတ်စာအုပ်ရဖို့ ပိုသေချာလို့ပါ။ အခုလည်း ဖတ်စာအုပ်နဲ့ ထောက်ပံ့တာတွေ အကုန်ရပါတယ်” ဟု ပြောကြားခဲ့သည်။
ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရန်၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် သိရှိလိုက်နာရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့်လည်း မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်နှင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။









