◾ အိမ်ဖြူတော်ကို ပစ်ခတ်သူမှာ မိမိကိုယ်ကိုယ် ယေရှုခရစ်တော်ဟု ယုံကြည်နေသည့် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်နေ
◾ ပစ်ခတ်မှုဖြစ်ပွားစဥ် အိမ်ဖြူတော်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် ရှိနေသော်လည်း ဘေးကင်းလုံခြုံ
သတိုး
၂၄. ၅. ၂၀၂၆
အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) က ကြိုတင်သတိပြု မှတ်တမ်းတင်ထားသည့် သေနတ်သမားတစ်ဦးသည် အိမ်ဖြူတော်အနီးတွင် သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ဖယ်ဒရယ်ရဲအရာရှိများက ပြန်လည်ပစ်ခတ်ရာမှ ၎င်း သေဆုံးသွားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် အိမ်ဖြူတော်အတွင်း၌ ရှိနေခဲ့သည်။
သေနတ်ပစ်ခတ်မှုသည် အိမ်ဖြူတော်ဝင်း၏ အနောက်မြောက်ဘက်ထောင့်၊ ၁၇ လမ်းနှင့် ပင်ဆယ်ဗေးနီးယားရိပ်သာလမ်း (17th Street and Pennsylvania Avenue) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ယခင်ကတည်းက ကြိုတင်သိရှိထားသဖြင့် စောင့်ကြည့်စာရင်းသွင်းထားသည့် အမျိုးသားတစ်ဦးသည် စနေနေ့ (မေ ၂၃ ရက်) ညနေပိုင်းက အိမ်ဖြူတော်ဝင်းအတွင်းသို့ ချဉ်းကပ်လာပြီးနောက် အိတ်ထဲမှ သေနတ်ကိုထုတ်ကာ စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်ထောက်လှမ်းရေးရဲအရာရှိများက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ၎င်းတွင် ပြင်းထန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုအတွင်း လမ်းသွားလမ်းလာ ဘေးလူတစ်ဦးလည်း သေနတ်မှန်ခဲ့ကြောင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ ဘေးလူကို မည်သူ့သေနတ်ကျည်ဆန် ထိမှန်ခဲ့သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။




စုံစမ်းစစ်ဆေးရေးကို သိရှိနားလည်သည့် တာဝန်ရှိသူနှစ်ဦး၏ ပြောကြားချက်အရ အသက် ၂၁ နှစ်အရွယ် သေနတ်သမား နာဆိုင်းယာ ဘက်စ် (Nasire Best) အား အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ လုံခြုံရေးအရာရှိများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အိမ်ဖြူတော်အတွင်း၌ ရှိနေသည့် သမ္မတ ထရမ့်ပ်သည် အားလပ်ရက် ရက်ရှည်ပိတ်ရက်ကို အိမ်ဖြူတော်၌ပင် ကုန်ဆုံးမည်ဖြစ်ကြောင်း သောကြာနေ့ကတည်းက အသိပေးထားခဲ့ခြင်း ဖြစ်သည်။
အိမ်ဖြူတော်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နောက်ဆုံးထွက်ပေါ်လာသည့် အချက်အလက်များအရ ပစ်ခတ်သူ မေရီလန်းပြည်နယ်သား နာဆိုင်းယာ ဘက်စ်သည် ယခင်ကလည်း အိမ်ဖြူတော်လုံခြုံရေးနယ်မြေအတွင်းသို့ ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးသဖြင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က ၎င်းကို ကောင်းစွာသိရှိထားကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
၎င်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းကလည်း အိမ်ဖြူတော်ဝင်းအတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို ပိတ်ဆို့နှောင့်ယှက်မှုဖြင့် စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ခြင်းခံခဲ့ရဖူးသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင်လည်း တားမြစ်နယ်မြေအတွင်း ဝင်ရောက်ခဲ့သဖြင့် အဖမ်းခံခဲ့ရဖူးသည်။ ၎င်းကို ဖမ်းဆီးစဉ်အတွင်း မိမိကိုယ်ကိုယ် “ယေရှုခရစ်တော်” ဟု ပြောဆိုခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားပြီး၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များက ၎င်းအား “စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ဝေဒနာခံစားနေရသူ” (Emotionally Disturbed Person) အဖြစ် သတ်မှတ်ကာ အိမ်ဖြူတော်အနီး မချဉ်းကပ်ရန် တားမြစ်မိန့် (Stay-away order) ထုတ်ပြန်ထားခဲ့ဖူးသည်။ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း သမ္မတ ထရမ့်ပ်ကို အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ထားသည့် ပို့စ်တစ်ခု တွေ့ရှိထားကြောင်း CNN က ဖော်ပြသည်။
သေနတ်သမား ဘက်စ်သည် အိတ်ထဲမှ ပစ္စတိုသေနတ်ကို ထုတ်ယူကာ လုံခြုံရေးဂိတ်တဲကို ဦးတည်ပြီး အနည်းဆုံး ၃ ချက်ခန့် စတင်ပစ်ခတ်ခဲ့သည်။ ထို့နောက် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စက္ကန့်ပိုင်းအတွင်း ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေနတ်သံပေါင်း ၁၅ ချက်မှ ၃၀ ခန့်အထိ အပြန်အလှန် ထွက်ပေါ်ခဲ့ကြောင်း CBS နှင့် NBC သတင်းထောက်များက ပြောကြားသည်။
အိမ်ဖြူတော် မြောက်ဘက်မြက်ခင်းပြင်တွင် သတင်းထုတ်လွှင့်နေသည့် ABC News သတင်းထောက် ဆီလီနာ ဝမ် (Selina Wang) ၏ ဗီဒီယိုရိုက်ကူးမှုအတွင်း သေနတ်သံအများအပြား ထွက်ပေါ်လာသဖြင့် ဝပ်နေခဲ့ရသည့် မြင်ကွင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
လက်ရှိတွင် ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ညွှန်ကြားရေးမှူး ကာ့ရှ် ပါတေးလ် (Kash Patel) က FBI အေးဂျင့်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေပြီး လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို ဝိုင်းဝန်းကူညီကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အတည်ပြုသည်။ လေကြောင်း၊ သေနတ်နှင့် ဖောက်ခွဲရေးပစ္စည်းများဆိုင်ရာဗျူရို (ATF) ကလည်း ပူးပေါင်းစုံစမ်းနေသည်။
သေနတ်မှန်ခဲ့သည့် လမ်းသွားလမ်းလာ ဘေးလူ (Bystander) မှာ စိုးရိမ်ရသည့် အခြေအနေ (Critical condition) ဖြင့် ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးပြီးချင်းပင် အိမ်ဖြူတော်ကို ချက်ချင်း Lockdown ချ ပိတ်ဆို့ခဲ့သော်လည်း စနေနေ့ညနေ ၆ နာရီ ၄၅ မိနစ်တွင် Lockdown ကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။ သမ္မတ ထရမ့်ပ်မှာမူ အိမ်ဖြူတော်အတွင်း၌ပင် ဘေးကင်းလုံခြုံစွာ ရှိနေသည်။
Ref : New York Times, NBC News, CBS News, CNN, Fox News, Reuters.
