၂၂.၅.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အရှေ့မြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိ မြေအောက် ကျောက်မီးသွေးတွင်း တစ်ခုတွင် မေလ ၂၂ ရက်ညက ဓာတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး ၃၈ ဦး မြေအောက်တွင် ပိတ်မိနေကြောင်း နိုင်ငံပိုင်သတင်းဌာန Xinhua News က ဖော်ပြခဲ့သည်။
Xinhua News သတင်းဌာနက အစောပိုင်းတွင် မိုင်းတွင်းအတွင်း ကာဗွန်မိုနောက်ဆိုဒ်ပမာဏသည် “ကန့်သတ်ချက်ထက် ကျော်လွန်” နေကြောင်း ဖော်ပြခဲ့သည်။
Xinhua သတင်းဌာနက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရှန်ဇီမြို့ရှိ လျူရှန်ယု (Liushenyu) ကျောက်မီးသွေးတွင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် အလုပ်သမား ၂၄၇ ဦး မြေအောက်တွင် အလုပ်လုပ်နေကြောင်းသိရသည်။
Xinhua သတင်းဌာန က မေလ ၂၃ ရက်၊ နံနက် ၆ နာရီတွင် အနည်းဆုံး လူ ၂၀၁ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ပြောခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဆိုသည်။
ရှန်ရှီးပြည်နယ်သည် ကျောက်မီးသွေးတွင်း အများအပြား အခြေစိုက်ရာ ယခင်ကလည်း ဤကဲ့သို့ပင် မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သော ပြည်နယ်ဖြစ်သည်။
Ref-Xinhua
