နေမိုး
၁၉. ၅. ၂၀၂၆
လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူတစ်ဦး၏ ပြောကြားချက်အရ ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများတွင် တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းမှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေကြောင်း သိရှိရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယနေ့ထုတ်ပြန်သည်။
လွတ်မြောက်လာသူ “ကိုသက်” (အမည်လွှဲ) သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် တာချီလိတ်မြို့ရှိ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ‘ရောင်နီဦး’ ဝင်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ် ကုမ္ပဏီတစ်ခုမှတစ်ဆင့် လူကုန်ကူးခံခဲ့ရခြင်းဖြစ်သည်။ သူသည် ထိုကုမ္ပဏီ၏ စာရင်းကိုင်ဌာနတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းအထိ လုပ်ကိုင်ခဲ့သော်လည်း သူနှင့် လုပ်ဖော်ကိုင်ဘက်နှစ်ဦးသည် တရုတ်စာရင်းကိုင် ကြီးကြပ်သူ၏ မတရားငွေအလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခြင်းကို ခံခဲ့ရသည်။ ထို့နောက် ပြစ်ဒဏ်အဖြစ် အခကြေးငွေမရဘဲ အွန်လိုင်းမှ ဖုန်းခေါ်ဆို၍ ငွေလိမ်ရသည့်အလုပ်ကို အဓမ္မခိုင်းစေခြင်းခံခဲ့ရသည်။ သုံးလအကြာတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့သုံးဦးကို ရဲအရာရှိတစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်းရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားများထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ထိုင်းနယ်စပ်နှင့် ရှစ်ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

အဆိုပါ အမျိုးသားသုံးဦးကို သံခြေကျင်းခတ်ထားသူများ အပါအဝင် UWSA အကျဉ်းသား ၃၀ ခန့်နှင့်အတူ သတ္တုတွင်း၌ ဖမ်းဆီးထားပြီး မြေတူးခြင်းနှင့် ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းကြီးလှသည့် လုပ်အားပေးခိုင်းစေမှုများကို လုပ်ဆောင်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် နမ့်ခုတ်မြစ်အနောက်ဘက်ကမ်းရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုတွင်လည်း သွားရောက်လုပ်ကိုင်ခဲ့ရသည်။ ၎င်းတို့ကို မြန်မာနိုင်ငံအနှံ့အပြားမှလာသည့် ပုံမှန်သတ္တုတွင်းအလုပ်သမား ၁၀၀ ခန့်နှင့် သီးခြားခွဲထားသည်။
တရုတ်သတ္တုတွင်း ဝန်ထမ်း ၅၀ ကျော်ရှိသော ထိုတွင်းကို UWSA စစ်သား ၅၀ ခန့်က စောင့်ကြပ်နေသည်။ ကိုသက်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် ညအချိန်တွင် ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ပြန်လည်ဖမ်းဆီးခံရကာ ရိုက်နှက်ခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းကို အခြားတစ်နေရာရှိ UWSA အချုပ်ခန်းသို့ ပို့ဆောင်ခဲ့ပြီး တရုတ်နယ်စပ်အနီး UWSA မြောက်ပိုင်းဒေသ မိုင်းပေါက်ရှိ ထိုကုမ္ပဏီ၏ အခြားမြေရှားသတ္တုတွင်းတစ်ခုသို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။ ကိုသက်မှာမူ မိုင်းယွန်းသတ္တုတွင်း၌ နှစ်လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးတွင် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ကိုသက်၏ ထွက်ဆိုချက်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ သတ္တုတွင်းများသည် ဥပဒေပြင်ပတွင် လုံးဝကင်းလွတ်စွာ လုပ်ကိုင်နေကြသည်ကို မီးမောင်းထိုးပြနေသည်။ သတ္တုတွင်းအများစုသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်နေပြီး မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများအတွင်းသို့ အန္တရာယ်ရှိသော ညစ်ညမ်းမှုများကို ဖြစ်စေနေသည်မှာ လူသိရှင်ကြားဖြစ်နေပြီးသား ဖြစ်သည်။ ယခုအခါ တရုတ်သတ္တုတွင်း လုပ်ငန်းရှင်များသည် တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ပူးပေါင်းကာ မြန်မာလူငယ်များကိုလူကုန်ကူး၍ သတ္တုတွင်း အလုပ်သမားများအဖြစ် ကျွန်ပြုနေခြင်းမှာ စည်းမျဉ်းစည်းကမ်းများ ပျက်ကွက်နေရုံရုံသာမက ပို၍ ဆိုးသည်မှာ ရှမ်းပြည်နယ်၏ မြေယာနှင့် သယံဇာတများကို ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံ လွှဲပြောင်းပေးထားသကဲ့သို့ ဖြစ်နေခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံပြည်သူများ၏ ဘဝများကို ထည့်တွက်ခြင်းမရှိဘဲ အမြတ်ထုတ်ရန်သာ စိတ်ဝင်စားကြသည်။
◾ တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း နောက်ခံသမိုင်းကြောင်း
တာချီလိတ်မြို့သည် နေပြည်တော်အာဏာပိုင်များ၏ အပြည့်အဝထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း ရှမ်းပြည်နယ်အရှေ့တောင်ပိုင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ကိုသက်၏ ပြောပြချက်အရ တာချီလိတ်တွင် အွန်လိုင်း ငွေလိမ်လုပ်ငန်းများကို ၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် အရေအတွက် သိသိသာသာ မြင့်တက်လာခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ‘၁၀၂၇ စစ်ဆင်ရေး’ အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းမှုများကြောင့် တရုတ်အွန်လိုင်း ငွေလိမ်သမား အမြောက်အမြားသည် ယင်းနှိမ်နင်းမှုများမှ လွတ်မြောက်ရန် ဤဒေသသို့ ပြောင်းရွှေ့ လာကြသောကြောင့် ဖြစ်သည်။
တာချီလိတ်သို့ ပြောင်းရွှေ့လာသည့် ဆိုက်ဘာငွေလိမ်ဂိုဏ်းများသည် ကနဦးတွင် လက်ရှိရှိနှင့် ပြီးသားဖြစ်သော အွန်လိုင်းကာစီနိုဝင်းကြီးများအတွင်း၌ “နိုင်ငံခြားအွန်လိုင်း” ဟု ဒေသအခေါ်ရှိသည့် ငွေလိမ်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ကြသည်။ များသောအားဖြင့် ထပ်ခိုးအထပ်မြင့် အဆောက်အအုံများစွာပါဝင်သည့် ကျယ်ဝန်းသော ထိုဝင်းများအတွင်း ကာစီနိုဂိမ်းများနှင့်အတူ ငွေလိမ်လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်ကြခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် အစောပိုင်းတွင် တာချီလိတ်သည် ငွေလိမ်လုပ်ငန်းများ၏ ဗဟိုချက်အသစ်အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။ ထိုပြဿနာကို ဖြေရှင်းနေသည်ဟု အထင်ခံရစေရန်အတွက် အစိုးရ အာဏာပိုင်များသည် တာချီလိတ်ရှိ ငွေလိမ်လုပ်ငန်းများကို “ဝင်ရောက်စီးနင်းနှိမ်နင်းမှုများ” စတင်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် ငွေလိမ်ဂိုဏ်းလုပ်ကိုင်နေကြောင်း သတင်းရရှိထားသော အဆောက်အအုံအချို့ကို ဝင်ရောက်စီးနင်းပြီး ငွေလိမ်လုပ်သားအုပ်စုများကို ဖမ်းဆီးခဲ့သော်လည်း ငွေလိမ်လုပ်ငန်းမန်နေဂျာများကိုမူ ထိခိုက်မှု မရှိစေဘဲ လွှတ်ပေးထားခဲ့သည်ဟုဆိုသည်။ အချို့သော ငွေလိမ်လုပ်ငန်းရှင်များသည် နယ်မြေအတွင်း ခဏတဖြုတ် ပုန်းအောင်းနေခြင်း သို့မဟုတ် မြဝတီ သို့မဟုတ် လာအိုနိုင်ငံရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကဲ့သို့သော အခြားငွေလိမ်ဗဟိုချက်များသို့ ပြောင်းရွှေ့သွားကြသည်။ သို့သော် အချို့မှာမူ လုပ်ငန်းအတိုင်းအတာကို လျှော့ချပြီး တာချီလိတ်မြို့ပတ်ဝန်းကျင်ရှိ လူမသိနိုင်သော နေရာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဆိုလို သည်မှာ တာချီလိတ်ရှိ ငွေလိမ်လုပ်ငန်းများသည် လုံးဝရပ်ဆိုင်းသွားခြင်း မရှိခဲ့ဘဲ ယနေ့တိုင် တာချီလိတ်တွင် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
◾ UWSA ၏ ရောင်နီဦး ငွေလိမ်ဝင်း
ကိုသက်၏ လူကုန်ကူးခံရမှုသည် တာချီလိတ်မြို့ အရှေ့ပိုင်း၊ ဟောင်လိတ်ရပ်ကွက်ရှိ “ရောင်နီဦး ရီဆော့စ်” (Yaung Ni Oo Resort) ဟုခေါ်သော အထင်ကရ ငွေလိမ်ဝင်းကြီးတစ်ခုတွင် စတင်ခဲ့သည်။ ၎င်းသည် UWSA ၏ တာချီလိတ်ဆက်သွယ်ရေးရုံးနှင့် ကပ်လျက်တွင်ရှိပြီး တစ်ဝင်းလုံးကို UWSA က ပိုင်ဆိုင်ကာ ထိန်းချုပ်ထားသည်။ မူလက ထိုနေရာရှိ လူလုပ်ကန်ကြီးကြောင့် “ငါးကန်” ဟု လူသိများသော ဤဝင်းသည် ၂၀၀၆ ခုနှစ်ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ထိုစဉ်က ရှမ်းသံတော်ဆင့် သတင်းဌာန (SHAN) ၏ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် UWSA ခေါင်းဆောင် ပေါက်ယူချန်း၏ အငယ်ဆုံးညီဖြစ်သူ ပေါက်ယူဟွာသည် ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလအထိ ထိုနေရာတွင် နေထိုင်ခဲ့ပြီး UWSA ထံ အကြွေးမဆပ်နိုင်သည့် ယာဘ (Yaba) မူးယစ်ဆေးဝါးကုန်သည် ၁၁၃ ဦးကို ဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဤဝင်းကို ၁၉၉၇ ခုနှစ်တွင် ပြိုင်ဘက်များ၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော မူးယစ်ရာဇာတစ်ဦးထံမှ UWSA က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် “ငါးကန်” ဝင်း၌ ကာစီနိုခန်းမနှစ်ခု၊ ကာရာအိုကေဘားတစ်ခုနှင့် မိုတယ်တစ်ခုရှိနေပြီဖြစ်ကြောင်း SHAN အစီရင်ခံစာတွင် ဖော်ပြထားသည်။ နှစ်ပေါင်း ၂၀ ကြာပြီးနောက်တွင် ထိုဝင်းအတွင်း အထပ်မြင့်အဆောက်အအုံများစွာကို တည်ဆောက်ခဲ့သည်။ ကိုသက်သည် ရောင်နီဦးဝင်းအတွင်းရှိ တရုတ်ငွေလိမ်ကုမ္ပဏီများစွာထဲမှ တစ်ခုတွင် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ အခြားသော မြန်မာလူငယ်များကဲ့သို့ပင် သူသည်လည်း ရရှိမည့်ဝင်ငွေ မြင့်မားမှုကြောင့် မိမိသဘောဆန္ဒအလျောက် အလုပ်ဝင်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် နှိပ်စက်ညှဉ်းပန်းခံရခြင်း မရှိခဲ့ပေ (လက်နက်ကိုင်လုံခြုံရေးများ စောင့်ကြပ်ထားသည့် ဝင်းအတွင်း၌သာ နေထိုင်အလုပ်လုပ်ရခြင်းမှလွဲ၍)။ သို့သော် ငွေအလွဲသုံးစားလုပ်သည်ဟု မတရားစွပ်စွဲခံရပြီးနောက်တွင်မှ သူသည် အခြားလူကုန်ကူးခံရသည့် ငွေလိမ်လုပ်သားများကဲ့သို့ပင် ပိတ်လှောင်ခံရခြင်း၊ ငွေလိမ်ဖုန်းများ အဓမ္မခေါ်ခိုင်းခြင်းနှင့် သတ်မှတ်ချက်မပြည့်မီပါက ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်း (သူ၏ဖြစ်ရပ်တွင် ထိုင်ထလုပ်ခိုင်းခြင်း) တို့ကိုခံခဲ့ရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရောင်နီဦး၀င်း၌ ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုနှင့်ပတ်သက်၍ တာချီလိတ် ထွေအုပ်ဝန်ထမ်းတစ်ဦးပြောဆိုမှုအရ ထိုစီးနင်းမှုသည် အဆိုပါနေရာရှိ တရုတ်လုပ်သားများအပေါ် နှိပ်စက်ညှဉ်းပန်းမှုများအကြောင်း တရုတ်လူမှုမီဒီယာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၎င်း၏ပြောပြချက်အရ စီးနင်းမှုအတွင်း လူကုန်ကူးခံရသူအများစုဖြစ်သည့် တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖမ်းဆီးခဲ့သော်လည်း ရောင်နီဦးအတွင်း ကုမ္ပဏီအနည်းဆုံး ၅ ခုကို လည်ပတ်နေသည့် တရုတ်ငွေလိမ်လုပ်ငန်းရှင် ၃၀၀ ကျော်သည် ရဲနှင့် အခြား အာဏာပိုင်များကို တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေးဆောင်ကာ နှိမ်နင်းမှုမှ လွတ်ကင်းရန် တာချီလိတ်အတွင်းနှင့် အပြင်ရှိ အခြားနေရာများသို့ ပြောင်းရွှေ့သွားနိုင်ခဲ့ကြောင်း သိရသည်ဟုလည်း ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်က ဆိုသည်။
◾ မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ
မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း နှစ်ခု တည်ရှိနေကြောင်းကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ၂၀၂၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ (ကိုသက် လူကုန်ကူးခံခဲ့ရသည့်) နမ့်ခုတ်မြစ်၏ အရှေ့ဘက် ၃ ဒသမ ၆ ကီလိုမီတာအကွာရှိ မြေရှားသတ္တုတွင်းအတွက် မြေပြင်ပြင်ဆင်မှုများကို ၂၀၂၃ ခုနှစ်လယ်တွင် စတင်ခဲ့ပြီး နမ့်ခုတ်မြစ်၏ အနောက်ဘက် ၂ ဒသမ ၆ ကီလိုမီတာအကွာရှိ မြေရှားသတ္တုတွင်းအတွက် ပြင်ဆင်မှုများကို ၂၀၂၄ ခုနှစ်လယ်တွင် စတင်ခဲ့ကြောင်း တွေ့ရှိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင်မူ အဆိုပါ မိုင်းယွန်းရှိ မြေရှားသတ္တုတွင်းများ၏ နောက်ကွယ်၌ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသော Chinese Investment Mining Company (CIMC) ရှိနေကြောင်း SHRF က ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုသက်သည် သူအခြေစိုက်ရာ လူသူအရောက်အပေါက်နည်းသော မြေရှားသတ္တုတွင်း၏ မတူညီသည့် နေရာများကို ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့် ခွဲခြားသိမြင်နိုင်ခဲ့သည်။ ယင်းတွင်အဓိက မြေရှားသန့်စင်သည့် နေရာ၏ အရှေ့တောင်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ သူနှင့ အခြားအကျဉ်းသားများ နေထိုင်ရာ အဆောက်အအုံများလည်း ပါဝင်သည်။
မိုင်းယွန်းရှိ မြေရှားသတ္တုတွင်းနှစ်ခုလုံးတွင် UWSA စစ်သားများက လုံခြုံရေးရယူထားခြင်းသည် ထိုတွင်းများကို UWSA က တိုက်ရိုက်ထိန်းချုပ်ထားကြောင်း ပြသနေသည်ဟုလည်း SHRF က ဖော်ပြသည်။
ရှမ်းလူ့အခွင့်မရေးမဏ္ဍိုင်က ယနေ့ဖော်ထုတ်သည့် UWSA (ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) ၏ ရောင်နီဦးဝင်းအတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် မြေရှားသတ္တုတူးဖော်မှုလုပ်ငန်းများနှင့် စပ်လျဥ်း၍ MT News က UWSA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေပြီး တုံ့ပြန်ဖြေကြားလာပါက ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။




