၁၉.၅.၂၀၂၆
Written by Linn Eain
မြန်မာ့မျိုးရင်း ဒူးရင်းသီးများကို ပြသ၊ ရောင်းချပေးသည့် “မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆” ပွဲတော်ကို ရန်ကုန်မြို့၊ မြေပဒေသာကျွန်းတွင် ယနေ့ မေ ၁၉ ရက် နံနက် ၈ နာရီအချိန်ပြုလုပ်ခဲ့ရာ ပြည်သူများ စိတ်တင်တစား လာရောက်ကြည့်ရှုဝယ်ယူခဲ့ကြောင်း သိရသည်။
“မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တက်ရောက်ဖွင့်လှစ် အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားသံတမန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ “မြန်မာ့ ဒူးရင်းပွဲတော် ၂၀၂၆” ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ မြန်မာ့ဒူးရင်းပွဲတော်၂၀၂၆ အထိမ်းအမှတ်လက်ဆောင်ပေးအပ်ကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော တိုင်းဒေသကြီး/ပြည်နယ် ဒူးရင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းများသို့ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြပွဲသို့လာရောက်သည့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ဒူးရင်းသီးနှံပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခြင်းနှင့် အကဲဖြတ်အမှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒူရင်းပွဲတော်သို့ စိတ်ဝင်စားသူ ပြည်သူများ လာရောက်လေ့လာကြည့်ရှုကာ ဝယ်ယူမှုများပြားခဲ့ကြောင်း သိရသည်။
မြန်မာ့ဒူးရင်းပွဲတော် ၂၀၂၆ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး မြန်မာမျိုး ဒူးရင်းမျိုးရင်း ၁၈ မျိုးခန့်ကို အဓိကထားပြသခဲ့သည်။
အဆိုပါ ဒူးရင်းပွဲတော်ကို ပြည်ပပို့ကုန်တိုးမြှင့်ရန်နှင့် မြန်မာ့ဒူးရင်းမျိုးအမည်ဖြင့်ဈေးကွက်ထိုးဖောက်ရန်၊ ခေတ်မီစိုက်ပျိုးရေးစနစ်များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများကို ဆွေးနွေးဖလှယ်ရေး၊ ဒူးရင်းသီးနှံဈေးကွက်ချဲ့ထွင်ရန်၊ ရင်းနှီးမြှုပ်နံမှုနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရန်၊ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးကောင်းဒူးရင်းမျိုးများ ရွေးချယ်ဖော်ထုတ်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။









