၂. ၃. ၂၀၂၃
Written by Ye Kyaw

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့တို့တွင် စုစု‌ပေါင်းမဂ္ဂါဝပ် ၃၆၀ ထွက်ရှိမည့် လေအားလျှပ်စစ် စီမံကိန်းသုံးခုအတွက် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီနှင့်၊ ဟောင်ကောင်ကုမ္ပဏီ သုံးခုတို့နှင့် သဘောတူညီမှုစာချွန်လွှာ(MOA) လက်မှတ်ရေးထိုးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘောတူညီမှုစာချွန်လွှာအရ အမ်းလေအား လျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွလေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲ လေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့အတွက် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ လေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှာ မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင် အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့ဖြစ်သည်။

စီမံကိန်းဆောင်ရွက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

စီမံကိန်းသုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသုံးခုအနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့်အတွက် တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်းဖြစ်ပါကြောင်း၊ “Belt and Road” စီမံကိန်းများ မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံများ တည်ဆောက်ရေးတွင် လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News