MT News
၁၃. ၅. ၂၀၂၆
အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကို PDF များက FPV Suicide Drone များဖြင့် ယုတ်မာစွာ အကြောင်းမဲ့ပစ်လွှတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်တစ်ဦးအပါအဝင် ပညာရေးဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ယမန်နေ့ မေ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) (အောင်ဇေယျ)၌ ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့များက ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်း၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများ စနစ်တကျရှိစေရေး စသည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် PDF များက အင်းတော်မြို့၏ အနောက်ဘက် မီတာ ၂၆၀၀ ခန့်အကွာမှနေ၍ FPV Suicide Drone ၂ စီးဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်ခိုက်သည့် FPV Suicide Drone ၂ စီးမှာကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကာ မူလတန်းကျောင်းအုပ်ဆရာ ၁ ဦးနှင့် ရုံးဝန်ထမ်း ၂ ဦးတို့တွင် ဗုံးစထိမှန်၍ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့အား ထိန်းချုပ်ထားသော PDF ပူးပေါင်းအဖွဲ့များအား ဧပြီ ၃၀ ရက်တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီး ထိုသို့ ထိန်းချုပ်ရန် ကြိုးပမ်းသည့်တိုက်ပွဲများအတွင်း PDF ၃၃ လောင်း ရရှိကာ အထိနာခဲ့သဖြင့် PDF များက အင်းတော်မြို့အား ထပ်မံဖျက်ဆီးသိမ်းပိုက်ရန် လုပ်ဆောင်နေကာ ယခုအခါ စာသင်ကျောင်းများကိုပါ အသေခံဒရုန်းဖြင့် တိုက်ခိုက်လာနေခြင်းဖြစ်သည်။




