


MT News
၁၁. ၅. ၂၀၂၆
အမြန်လမ်းတွင် အရှိန်မထိန်းနိုင်သည့်ယာဥ်တစ်စီးက အသွားလမ်းဘက်မှတစ်ဆင့် လမ်းလယ်ကျွန်းပါကျော်ကာ အပြန်လမ်းဘက်အထိ တိမ်းမှောက်သွားသဖြင့် ယာဥ်မောင်း ပွဲချင်းပြီး သေဆုံးရမှု ယနေ့ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန် အသိပေးသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၄၇/၇-၂၄၈/၀ နေပြည်တော်-မန္တလေး အသွားလမ်းတွင် ယာဉ်မောင်း အမျိုးသားတစ်ဦးတည်းမောင်းနှင်လာသည့် AD Van အမျိုးအစား အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းဘက်ခြမ်းမှတစ်ဆင့် လမ်းလယ်ကျွန်းပေါ် ကျော်ဖြတ်ကာ အပြန်လမ်း ဘက်ခြမ်းရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့သည်ဟု သိရသည်။
ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားသဖြင့် အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အရှိန်နှုန်းအတိုင်း မောင်းနှင်ကြပါရန်နှင့် အိပ်မငိုက်စေရန်အထူးသတိပေးအပ်ပါကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
