


MT News
၁၁. ၅. ၂၀၂၆
ဂျပန်နိုင်ငံ၊ အိုက်ချီ-နာဂိုယာ (Aichi-Nagoya) မြို့တွင် ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အားကစားနည်း ၁၁ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားများ စေလွှတ်သွားရန် စီစဉ်ထားကြောင်း အားကစားတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အမျိုးသားအားကစားလေ့ကျင့်ရေးစင်တာ ညွှန်ကြားရေးမှူး Yean Kisivutha ၏ ပြောကြားချက်အရ လျာထားသည့် အားကစားနည်းများမှာရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဂျူဂျစ်ဆု (Jujitsu)၊ဂျူဒို၊ ကရာတေး၊ တိုက်ကွမ်ဒို (WT)၊ အားကစားသုံးမျိုးပြိုင်ပွဲ (Triathlon)၊ နပန်း အီးစပေါ့ (E-sports) နှင့် တက်ဘော (Teqball) တို့ ဖြစ်ကြသည်။
”အထက်ပါ အားကစားနည်း ၁၁ မျိုးထဲက တိုက်ကွမ်ဒိုနဲ့ အီးစပေါ့ အားကစားနည်းတွေဟာ ဂျပန်မှာကျင်းပမယ့် တရားဝင်ပွဲစဉ်မှာ ပါဝင်ခွင့်ရဖို့အတွက် ခြေစစ်ပွဲတွေကို အရင်ဆုံး အောင်မြင်အောင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်” ဟု အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေးအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။
အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
ကိုဗစ် ၁၉ ကြောင့် ၂၀၂၃ ခုနှစ်အတွင်း ရွှေ့ဆိုင်းကျင်းပရသည့် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ကမ္ဘောဒီးယားနိုင်ငံသည် အမျိုးသမီး ကရာတေး (Kata) ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခုသာ ဆွတ်ခူးရရှိခဲ့သည်။
Ref: Xinhua
