









သက်တံ့
၁၀. ၅. ၂၀၂၆
မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသူတစ်ဦးအပါအဝင် ကျောင်းသူ အမျိုးသမီးငယ်သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ယာဥ်တစ်စီး တိုက်မိရာမှ အမျိုးသမီးငယ်သုံးဦးစလုံး ပွဲချင်းပြီးသေဆုံးမှု သထုံမြို့နယ်တွင် ယနေ့ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၁၀ ရက်၊ ညနေ ၄ နာရီဝန်းကျင်အချိန်က သထုံ- ဘားအံလမ်းမကြီး မြို့သစ်နှင့် ရဲဘော်ကျေးရွာအကြားတွင် ကျောင်းသူအမျိုးသမီးသုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ယာဥ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူ သေဆုံးအမျိုးသမီးငယ်များမှာ အသက် ၁၉ နှစ်မှ အသက် ၂၀ နှစ်ခန့်သာရှိကြသေးသူများဖြစ်သည်။
သေဆုံးသူများတွင် တစ်ဦးမှာ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာမေဂျာမှ ပထမနှစ်ကျောင်းသူ မအေးအေးအောင်ဖြစ်ပြီး မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်းလည်း TUMLM မိသားစု ဝမ်းနည်းစွာ အသိပေးသည်။ အခြားသေဆုံးသူနှစ်ဦးမှာ မော်လမြိုင်တက္ကသိုလ်မှ ဇီဝဓာတုဗေဒမေဂျာပထမနှစ်ကျောင်းသူ မနေခြည်ကျော်နှင့် ဓာတုဗေဒပထမနှစ်ကျောင်းသူ မဂျူလိုင်မိုးတို့ဖြစ်သည်ဟုလည်း MT News က ကနဦးစုံစမ်းသိရသည်။
ကျောင်းသူသုံးဦးမှာ မွေးနေ့ကိတ်သွားရောက်ဝယ်ယူပြီးအပြန် ကားနှင့် မျက်နှာချင်းဆိုင်တိုက်မိပြီးနောက် တိုက်ကြိတ်မိ သေဆုံးခဲ့သည်ဟုလည်း သိရပြီး သေဆုံးသူများကို မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်းနှင့် မေတ္တာရိပ် လူမှုကယ်ဆယ်ရေးအသင်းတို့က သထုံပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ကူညီပေးခဲ့သည့် မင်းသားကြီး-အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအသင်း၏ ပို့စ်အောက်တွင်လည်း တိုက်မိသည့်ကားသမားများ ဖမ်းမိထားကြောင်း၊ မူးနေကြောင်း မှတ်ချက်ပြုထားမှုလည်း တွေ့ရပြီး အသေးစိတ်ဖြစ်စဥ်များကိုမူ MT News က ဆက်လက်အတည်ပြုဆဲကာဖြစ်ကာ ထပ်မံသိရှိရသည်များ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
ဓာတ်ပုံ – မင်းသားကြီး၊ TUMLM နှင့် အခြား
