

၃၀.၄.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၅၇) ရပ်ကွက်၊ မြလမ်းတွင် ဧပြီလ ၂၉ ရက် နံနက်အစောပိုင်းက လောင်ကျွမ်းခဲ့သော နေအိမ်သုံးလုံးမီးလောင်မှုမှာ ခြင်ဆေးခွေထွန်းရာမှ လဲကျပြီး အိပ်ရာခင်းပေါ်သို့ ကူးစက်ကာ လောင်ကျွမ်းခဲ့သဖြင့် အိမ်ပိုင်ရှင် အမျိုးသမီးကို ဒဂုံမြို့သစ်(တောင်ဒဂုံ)မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
“စဖြစ်စကတော့ ဘယ်အိမ်က စလောင်တယ်ဆိုတာ မသိရဘူး။ နောက်ပိုင်းမှ အိမ်ရှင်အမျိုးသမီးက အိပ်ခန်းထဲမှာ ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲ ထွန်းပြီး အပြင်ကိုထွက်သွားတုန်း ခြင်ဆေးခွေလဲကျပြီး ခင်းထားတဲ့ အိပ်ရာခင်းပေါ်ကျပြီး လောင်တာလို့ သိရတယ်။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ နံနက် ၁ နာရီမထိုးမီ မိနစ် ၃၀ ခန့်အလိုတွင် စတင်ခဲ့ရာ လောင်ကျွမ်းမှု ၂၁ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး သွပ််မိုး၊ အုတ်ညှပ် ကွန်ကရစ်ခင်း နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၁ နာရီ မထိုးမီ ၁၂ မိနစ်အလိုတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်သုံးလုံးမီးလောင်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဒေါ်အေးအေးသန်းကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။
