
၃၀.၄.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်၊ ဒေါ်ညွှန့်စိန်လမ်းရှိ လူနေအဆောင်လိုင်းခန်းတွဲရှေ့ အပေါ့သွားသည့်ကိစ္စဖြင့် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ အပေါ့သွားသူ အသတ်ခံရမှု ဧပြီလ ၂၉ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်း၏ အဆောင်လိုင်းခန်းရှေ့တွင် အသက် ၄၂ နှစ်အရွယ် ဦးအောင်ခင်ဇော်က အပေါ့သွားသဖြင့် စကားများရန်ဖြစ်ရာမှ အပေါ့သွားသူကို အဆောင်နေလိုင်းခန်းနေသူက ဓားဖြင့်ထိုးခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားဖြင့်အထိုးခံရသူ ဦးအောင်ခင်ဇော်၏လည်ပင်းဘယ်ဘက်တွင် ပြတ်ရှထိုးသွင်းဒဏ်ရာရရှိပြီး ဖြစ်ပွားရာနေရာမှ ဒေါ်ညွှန့်စိန်လမ်းမပေါ်တွင် လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူနေတဲ့အခန်းရှေ့မှာ သေးလာပေါက်တော့ စကားများကြရင်းက လူသတ်မှုဖြစ်သွားတာ။ ညတွင်းချင်းပဲ ဖမ်းမိပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓားဖြင့်ထိုးသူ အသက် ၄၅ နှစ်အရွယ် ဦးဇော်မင်းကိုကျောက်တန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
