သတိုး
၃၀. ၄. ၂၀၂၆
အဂတိလိုက်စားမှုများ၊ မဲမသမာမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ပေးအပ်သည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေါ့ခြင်း ခံရကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့ညတွင် နေအိမ်အကျယ်ချုပ်အဖြစ် ရွှေ့ပြောင်းလိုက်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ် ပေးလိုက်ကြောင်း သိရသည်။”ဟု ကြေညာချက်က ဖော်ပြသည်။
ကာလရှည်ကြာ ရင်ဆိုင်ခဲ့ရသည့် တရားစီရင်မှုများအပြီးတွင် အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုဖြစ်စေရန် လှုံ့ဆော်မှုမှသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအထိ စွဲချက်များစွာဖြင့် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်ကို နောက်ပိုင်းတွင် ၂၇ နှစ်ခွဲသို့ လျှော့ပေါ့ခဲ့ပြီး၊ ဧပြီလ ၁၇ ရက်နေ့ မြန်မာ့နှစ်သစ်ကူး လွတ်ငြိမ်းချမ်းသာခွင့်တွင် ၆ ပုံ ၁ ပုံ ထပ်မံလျှော့ပေါ့ပေးခဲ့သည်။ ယင်းနေ့တွင်ပင် ၎င်းနှင့်အတူ အမှုရင်ဆိုင်ခဲ့သည့် မဟာမိတ်ဖြစ်သူ သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်ခဲ့သည်။
ယနေ့ နောက်ဆုံးအကြိမ် ပြစ်ဒဏ်လျှော့ပေါ့မှုကြောင့် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုတွင် တပ်မတော်၏ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် မူလက ပြစ်ဒဏ် ၃၃ နှစ်ကျော်ကို ၂၇ နှစ်ခွဲအထိ တစ်ပေါင်းတည်းကျခံခဲ့ရမှ ယခုအခါ အထွေထွေလွတ်ငြိမ်းသက်သာခွင့်များ မကြာခဏ ခံစားခွင့်ရနေခြင်းကြောင့် ထောင်ဒဏ် ၁၈ နှစ်ကျော်သာ ကျခံရန် ကျန်ရှိတော့သလို ယခုအချိန်တွင်လည်း ကျန်ရှိသည့် ပြစ်ဒဏ်များကို ရာဇဝတ်ကျင့်ထုံး ၅၄၁ အရ နေအိမ်တွင်သာ ကျခံရန် နိုင်ငံတော်သမ္မတက သက်ညှာပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတသစ် ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့်အပတ်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်ကို “ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း” နှင့် ၎င်း၏အစိုးရအနေဖြင့် အသေးစိတ် မဖော်ပြထားသည့် “ကောင်းမွန်သောအရာများ” ကို စဉ်းစားပေးနေကြောင်း ကမ္ဘာသိအောင် ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းနှင့် နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ခြင်းတို့ကို ယနေ့ တစ်နေ့တည်းတွင်ပင် သက်ညှာပေးအပ်ခဲ့ခြင်းလည်းဖြစ်သည်။
