



သက်တံ့
၃၀.၄. ၂၀၂၆
လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ငါးနှစ်ခန့်ကြာအောင် ပိတ်ထားသည့် အမေရိကန်သံရုံး၏ မန္တလေးမြို့ရှိ ဂျက်ဖာဆင်စင်တာကို တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ အတည်ပြုထုတ်ပြန်သည်။
၂၀၂၁ နိုင်ငံရေးပဋိပက္ခနောက်ပိုင်း လုံခြုံရေးနှင့် ဘဏ္ဍာရေးအကြောင်းပြချက်ဖြင့် အွန်လိုင်းလှုပ်ရှားမှုသာ လုပ်ဆောင်တော့သည့် ဂျက်ဖာဆင်စင်တာသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုတွင်လည်း ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့သည်ကို ပြန်လည်ပြင်ဆင်ပြီးနောက် ဧပြီ ၂၉ ရက်တွင် တရားဝင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ” တစ်ခုဖြစ်တဲ့ ဒီစင်တာကို ၂၀၂၅ ငလျင် လှုပ်ခတ်ပြီးခဲ့တဲ့နောက်ပိုင်းမှာ အပြည့်အဝပြန်လည်ပြုပြင်မွမ်းမံပြီးတဲ့အထိမ်းအမှတ်အနေနဲ့ ဧပြီ ၂၉ မှာ သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ဟာ အထူးဧည့်ခံပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဂျက်ဖာဆင်စင်တာဟာ အမေရိကန်ပြည်ထောင်စုနဲ့ အထက်မြန်မာပြည်ကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အရေးပါတဲ့ ပေါင်းကူးတံတားတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်။ အခုလို ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ခဲ့တာဟာ လူငယ်ခေါင်းဆောင်တွေ၊ ပညာရှင်တွေနဲ့ ကျောင်းသူကျောင်းသားတွေအတွက် အပြန်အလှန်ချိတ်ဆက်မှုတွေ၊ လေ့လာသင်ယူမှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေပြုလုပ်ဖို့ ဘေးကင်းလုံခြုံပြီး ခေတ်မီတဲ့ ရပ်ဝန်းတစ်ခုကို ဖြည့်ဆည်းပေးမယ့် မိမိတို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ပိုမိုခိုင်ခံ့ပြီး ပိုမိုဘေးကင်းလုံခြုံတဲ့ ဂျက်ဖာဆင်စင်တာကနေ လူမှုအသိုက်အဝန်းတွေကို ပြန်လည်ကြိုဆိုခွင့်ရတဲ့အတွက် မိမိတို့ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
