သက်တံ့
၂၇. ၄. ၂၀၂၆
တရုတ်သိပ္ပံပညာရှင်များသည် ကျောက်မီးသွေးကို “ဘက်ထရီ”ကဲ့သို့ လောင်စာဆဲလ်တစ်ခုအတွင်း ထည့်သွင်းသည့်စနစ်အား အသုံးပြုခြင်းဖြင့် သမားရိုးကျ မီးရှို့သည့်နည်းလမ်းများထက် စွမ်းအင်ထိရောက်မှု ပိုမိုမြင့်မားစွာ ရရှိနိုင်သည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲထုတ်လွှတ်မှု လုံးဝမရှိစေဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် နည်းလမ်းသစ်တစ်ခုကို ကမ္ဘာ့ပထမဆုံးအဖြစ် အောင်မြင်စွာ တီထွင်ဖော်ထုတ်လိုက်ပြီဖြစ်သည်။
“ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ” ဟု ဆိုလိုက်ပါက လေထုညစ်ညမ်းမှု အလွန်များခြင်း၊ ကာဗွန်ခြေရာ (Carbon Footprint) မြင့်မားခြင်းနှင့် စွမ်းအင်ထိရောက်မှု အသင့်အတင့်သာရှိခြင်းတို့ကို မြင်ယောင်လေ့ရှိကြသည်။ သို့သော် ယခုအသစ်တီထွင်လိုက်သည့် “တိုက်ရိုက် ကျောက်မီးသွေးသုံး လျှပ်စစ်စွမ်းအင်နည်းပညာ” သည် လောင်ကျွမ်းမှု (Combustion) အဆင့်ကို လုံးဝဖယ်ရှားထားပြီး ကျောက်မီးသွေးသုံးစွဲမှုတွင် အမြဲတမ်းပြဿနာဖြစ်လေ့ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုကိုပါ ရှောင်လွှဲနိုင်ခဲ့သည်။


Shenzhen တက္ကသိုလ်မှ တရုတ်သိပ္ပံအကယ်ဒမီ အဖွဲ့ဝင် Xie Heping ဦးဆောင်သောအဖွဲ့သည် “ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော တိုက်ရိုက်ကျောက်မီးသွေးသုံး လောင်စာဆဲလ်” (ZC-DCFC) ကို ပထမဆုံးအကြိမ် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ZC-DCFC လုပ်ငန်းစဉ်တွင် ကျောက်မီးသွေးကို အမှုန့်ပြုလုပ်ခြင်း၊ အခြောက်ခံခြင်း၊ သန့်စင်ခြင်းနှင့် မျက်နှာပြင်ပိုင်းဆိုင်ရာ ကြိုတင်ပြုပြင်ခြင်းများ ပြုလုပ်ပြီးမှ လောင်စာဆဲလ်၏ အနုတ်ငုတ် (Anode) အတွင်းသို့ ထည့်သွင်းခြင်းဖြစ်သည်။ ဆဲလ်အတွင်းရှိ အပေါင်းငုတ် (Cathode) ဘက်မှ အောက်ဆီဂျင်ကို ပေးသွင်းခြင်းဖြင့် ကျောက်မီးသွေးမှုန့်များသည် အောက်ဆိုဒ်အမြှေးပါး (Oxide Membrane) ပေါ်တွင် ဓာတုလျှပ်စစ်ဓာတ်တိုးမှု (Electrochemical Oxidation) ဖြစ်စဉ်ကို ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်ထုတ်လွှတ်သည်။ ဤနည်းပညာတွင် ရေနွေးငွေ့စက်ဝန်း (Steam Cycle) သို့မဟုတ် တာဘိုင် (Turbine) များ အသုံးပြုရန် မလိုအပ်တော့ပေ။
ဓာတ်ပြုမှုကြောင့် ထွက်လာသည့် သန့်စင်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း ထိုနေရာတွင်ပင် ဖမ်းယူလိုက်ပြီး ဓာတ်ကူပစ္စည်းများ အသုံးပြုကာ တန်ဖိုးရှိသော ဓာတုကုန်ကြမ်းများ (ဥပမာ – Synthesis Gas) သို့မဟုတ် မုန့်ဖုတ်ဆိုဒါ (Sodium Bicarbonate) ကဲ့သို့သော ဒြပ်ပေါင်းများအဖြစ် ပြောင်းလဲပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။
တရုတ်သိပ္ပံပညာရှင်များ၏ နည်းပညာအသစ်သည် ကျောက်မီးသွေးကို မီးရှို့ခြင်းထက် စွမ်းအင်ထိရောက်မှု ပိုမိုမြင့်မားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုကို အမြစ်ပြတ်ဖယ်ရှားနိုင်ခြင်းကြောင့် ကျောက်မီးသွေးကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ အဆင့်မြင့်လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည့် အရေးပါသော စွမ်းအင်နည်းပညာတိုးတက်မှုတစ်ခု ဖြစ်လာနိုင်မည်ဖြစ်သည်။
Ref : SCMP
