




၂၆.၄.၂၀၂၆
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူမြို့မဈေးတွင် ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ရာချီ မီးလောင်ဆုံးရှုံးခဲ့ပြီး အထည်ရုံတန်းသာ ကျန်ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“ပရဆေးရောင်းတဲ့ စျေးရုံရယ်၊ စျေးရုံကြီး နှစ်ရုံမီးလောင်တယ်၊ ဆိုင်ခန်းပေါင်းတစ်ရာကျော်မယ်။ မီးသတ်တွေရော မြို့သူမြို့သားဈေးသူဈေးသားတွေတစ်မြို့လုံး အားကြိုးမာန်တက်ငြှိမ်းကြတာ။ အိမ်တွေ မကူးစက်ပေမယ့် ဓနုဖြူမြို့မဈေးကြီးကတော့ အထည်ရုံတန်းကလွဲပြီး ကျန်အတော်များများ မီးလောင်ပျက်စီးပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စျေးရုံများပိတ်ရက်ဖြစ်နေသည့်အတွက် မီးစတင်လောင်သည်ကိုမသိလိုက်ကြဘဲ မီးညွန့်တက်လာသည်မှ သိရှိခဲ့ပြီး ရာသီဥတုပူပြင်းခြင်းနှင့် မီးလာချိန်မှာ နံနက် ၆ နာရီခန့်မှ ဖြစ်သောကြောင့် ဝါယာကြိုးများအပူလွန်၍ လောင်ကျွမ်းမှု ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ထင်မြင်ယူဆမှုများလည်း ရှိနေသည်။
ဓနုဖြူစျေးမီးလောင်မှုနှင့် ပတ်သက်၍ အချို့သောသတင်းဌာနများက စျေးရုံသုံးရုံမှ ဆိုင်ခန်း ၃၀၀ ခန့် မီးလောင်သည်ဟု ရေးသားမှုလည်း တွေ့ရှိရသော်လည်း မီးလောင်သည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုပမာဏကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးဆဲသာဖြစ်ကြောင်း သိရသည်။
စျေးမီးလောင်မှုကို ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၄ စီး၊ရေသယ်ယာဥ်များနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
