




၂၆.၄.၂၀၂၆
Written by KL
မွန်ပြည်နယ် ၊ သထုံမြို့ ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်၁၀၄/၅တွင် ဖြစ်ပွားခဲ့သော သံဃာနှင့်လူများလိုက်ပါလာသည့် လိုက်ထရပ်ယာဥ်နှင့် ခရီးသည်တင်ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာပြီး ၁၄ ဦးမြောက် သေဆုံးသူကို ယနေ့ ဧပြီလ ၂၆ ရက် နံနက် ၁၀ နာရီတွင် ၎င်း၏ဇာတိမြေ ပြွန်တန်ဆာမြို့ရှိ အရှေ့သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၁၄ ဦးမြောက်သေဆုံးသူမှာ အသက် ၂၈နှစ်အရွယ် မောင်ရှိန်းထူးအောင်ဖြစ်ပြီး ဆေးကုသမှုခံယူနေစဥ် ဧပြီလ ၂၄ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁၈ ရက် ညနေ ၃ နာရီကျော်အချိန်က သံဃာနှင့် လူ စုစုပေါင်း ၁၉ ဦး လိုက်ပါလာသည့် လိုက်ထရပ်ယာဥ်နှင့် ရွှေလရောင် မန္တလာ Express ယာဥ် တိုက်မိရာမှ သံဃာ ၈ ပါး၊ အသက် ရှစ်နှစ်အရွယ် ကိုရင် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ရသည်။
ပျံလွန်တော်မူသော သံဃာများနှင့် သေဆုံးခဲ့သူများကို ဧပြီလ ၂၀ရက် နံနက်ပိုင်းက သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာရှိ ကျောက်တန်းသုသာန်တွင် အန္တိမစျာပနနှင့် မီးသင်္ဂြိုဟ်ခြင်းများပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ရွှေလရောင် မန္တလာ Express ယာဥ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟုလည်း သိရသည်။
