◾️ ဦးမင်းအောင်လှိုင်အား မြန်မာနိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
◾️ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံ ဆောင်ရွက်ပေးသွားမည်
◾️ မြန်မာနိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်းကြားစေ့ရေးများ ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု အခြေအနေများပါ ဆွေးနွေး




၂၅. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi (ဝမ်ယိ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်အနေဖြင့် မိမိကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား ပထမဦးဆုံးပေးပို့ခဲ့ပြီး အလေးအနက်ထားမှုကို ပြသပေးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့်လည်း မိမိဦးဆောင်သည့်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက်ခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည်ပြောကြားရာတွင် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်စေခဲ့ခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည်ဟုလည်း ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။




နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန် မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား အေးအတူပူမျှ အသိုက်အဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြည်သူများ၏ထောက်ခံမှုကိုလည်းရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကို ချီတက်ရန် စွဲစွဲမြဲမြဲထောက်ခံ အားပေးလျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်းကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့သည်။
ထို့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး စသည့်ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ဆွေးနွေးသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြောကြားထားသည့် အကြံပြုချက်(၄)ချက် အပေါ် တွင်လည်း ထောက်ခံလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှု၊ စွမ်းအင်နှင့် သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
