








၂၅.၄.၂၀၂၆
Written By Thandar
MCIX နဲ့ MRTV-4 တို့ပူးပေါင်းတင်ဆက်လိုက်တဲ့ ရွက်ပုန်းသီး ဂီတမျိုးဆက်သစ်တွေကို မွေးထုတ်ပေး မယ့် The Super Band MOU Signing Ceremony & Media Press အခမ်းအနားကို ဧပြီ ၂၄ ရက် ညနေ ၄ နာရီက ရန်ကုန်မြို Lotte Hotel မှာ ကျင်းပခဲ့ရာမှာ ပြိုင်ပွဲအတွက် ဆုကြေးငွေ ကျပ် သိန်း (၁၀၀၀)ဆုချီးမြှင့်ပေးအပ်မယ်လို့ဆိုပါတယ်။
“ဒီနေ့ကတော့ ကျွန်တော်တို့ MRTV-4 နဲ့ MCIX တို့ ပူးပေါင်းပြီးတော့ The Super Band ကို ရှေ့ဆက်လုပ် ဆောင်ဖို့အတွက် MOU ရေးထိုးကြတာပါ။ International မှာ လုပ်ဆောင်နေတဲ့ Show တွေလိုပဲ ကိုယ့်နိုင်ငံမှာလည်း လုပ်ဆောင်နိုင်တယ်ဆိုတာကို ချပြချင်တာပါ။ Music ပိုင်းက လိုအပ်နေတဲ့ အရာလေးတစ်ခုကို အကောင်အထည်ဖော်ဖြစ်တာပါ။ ပြိုင်ပွဲကတော့ သီချင်းအဆိုပြိုင်ပွဲတွေလို မဟုတ်ဘဲ။ Band ဖွဲ့ပြီးတော့ ပြိုင်ကြရမှာပါ။ ပြည်ပနိုင်ငံတွေကလို Boy Band , Girl Band ပုံစံမျိုးပါ။ အဖွဲ့လိုက်လေးကို သေချာရွေးချယ်ပြီးတော့ Reality Show ပုံစံလေးပါ။ Script ပုံစံမျိုးလည်း မဟုတ်ပါဘူး။ မျိုးဆက်သစ် ပါဝင်ကြမယ့်သူတွေကိုလည်း အခွင့်အလမ်းတွေရရှိမှာပါ။ ပုံမှန်မြင်တွေ့ နေကြ Music Show မဟုတ်ဘဲ ရသကွဲထွက်နေမယ့် Show တစ်ခုပါ။ ဂီတကို ဝါသနာပါသူတိုင်း ပြိုင်သင့်တဲ့ ရှိုးတစ်ခုလည်းဖြစ်တယ်လို့ပြောချင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီ ဝင်ပြိုင်ပြီး ကျွန်တော်တို့က Band တစ်ခုဖွဲ့ပေးမှာပါ။ ဆုကြေးတွေကို Winner ရရှိသူတွေကိုတော့ ကျပ်သိန်းတစ်ထောင်အထိ ပေးအပ်သွားဖို့ရှိတယ်” လို့ MCIX ရဲ့ Executive Show Producer Ko Louis က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ MRTV-4 က သရုပ်ဆောင်တွေ၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး MCIX က တာဝန်ရှိသူတွေက ပွဲကျင်းပဖြစ်တဲ့အကြောင်းတွေ ရှင်းပြောကြားခဲ့သလို ရှေ့ဆက်လုပ်ဆောင်ချက်တွေအတွက် MOU ရေးထိုးခဲ့ကြပါတယ်။
ဒီပြိုင်ပွဲကို အပိုင်း ၁၄ ပိုင်းနဲ့ တင်ဆက်မှာဖြစ်ပြီး မေလမှာစတင်ပြီး Online, Off Line Audition လျှောက် ထားနိုင်ပြီး နောက်ဆုံး Group ၄ ခုက Final အထိတက်လှမ်းကြရမှာဖြစ်ပါတယ်။ The Super Band ပြိုင်ပွဲကို စက်တင်ဘာလမှာ စတင်ပြီး MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်ပြီး Winner ဆု ကျပ်သိန်း (၁၀၀၀) ဆုချီး မြှင့်ကာ International Collaboration အနေနဲ့ Album တစ်ခုကို Creation လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
