




၂၄. ၄. ၂၀၂၆
Written by Nyein Kyaw
အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ပတ်သက်ပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထား၍ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် အချိန်မီသတင်းပို့ တားဆီးနိုင်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ တာချီလိတ်တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားစဉ် မှာကြားသည်။
တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်၍ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် မိသားစုဝင်များပါ ကင်းကင်းရှင်းရှင်းရှိစေရေး ကြပ်မတ်သွန်သင်နေရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အလားတူ လောင်းကစားခြင်းသည်လည်း ဆိုးရွား သောအကျိုးဆက်များကို ဖြစ်ပေါ်စေ၍ မိသားစုနှင့် လုပ်ငန်းတာဝန်များကိုပါ ထိခိုက်စေနိုင်ကြောင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ပတ်သက်၍လည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သဘောထား၍ သတင်းရရှိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီသတင်းပို့ တားဆီးနိုင်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် မိုင်းဖြတ်မြိုရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားခဲ့သည်။
