သတိုး
၂၄.၄. ၂၀၂၆
လာမည့်မေလတွင် ကျင်းပမည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် စွမ်းအင်လုံခြုံရေး မြှင့်တင်ရန်၊ စားနပ်ရိက္ခာ ထောက်ပံ့မှု တည်ငြိမ်စေရန်နှင့် အရှေ့အလယ်ပိုင်း အကျပ်အတည်းများကြားတွင် ပြည်ပရောက် အရှေ့တောင်အာရှနိုင်ငံသားများကို အကာအကွယ်ပေးရန်တို့ကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သရီဆာ လာဇာရိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
မေလ ၈ ရက်နေ့တွင် စီဘူးမြို့၌ ကျင်းပမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်မည့် အဆင့်မြင့်အစည်းအဝေးကို လက်ခံကျင်းပရန် ဖိလစ်ပိုင်နိုင်ငံက အသင့်ဖြစ်နေပြီဟုလည်း လာဇာရိုက ဆိုသည်။
“ကျွန်မတို့ရဲ့ အဓိကအာရုံစိုက်မှုက လက်ရှိအချိန်မှာ အရေးတကြီး လိုအပ်ချက်တွေဖြစ်တဲ့ စွမ်းအင်လုံခြုံရေး ခိုင်မာစေဖို့၊ စားနပ်ရိက္ခာ ထောက်ပံ့မှု တည်ငြိမ်စေဖို့နဲ့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အာဆီယံနိုင်ငံသားတွေ ကမ္ဘာ့ဘယ်နေရာမှာပဲရှိရှိ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကို အပြည့်အဝ အာမခံနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဂျာကာတာအခြေစိုက် အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒ အသိုက်အဝန်း (FPCI) က ကြီးမှူးကျင်းပသည့် ဖိုရမ်တစ်ခုတွင် သူမက ပြောကြားခဲ့သည်။
ထို့အပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် အနှောင့်အယှက်များ၏ ရိုက်ခတ်မှုများကို ဖြေရှင်းရန် အာဆီယံအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ကတိကဝတ်ပြုထားကြောင်းကိုလည်း သူမက ဆက်လက်ပြောကြားခဲ့သည်။
ယခုလာမည့် အစည်းအဝေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင် ဖြစ်ပွားခဲ့သည့် အီရန်စစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်မှုဖြစ်ပွားပြီးနောက် ကျင်းပခြင်းဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်း ၂၅ ရာခိုင်နှုန်းကျော် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုကြောင့် အဆိုပါအခြေအနေမှာ ပိုမိုဆိုးရွားခဲ့သည်။
ယခုအစည်းအဝေးသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး နှစ်ခုအနက် ပထမဆုံးတစ်ခုဖြစ်ပြီး (၄၉) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလတွင် ပါဆေး (Pasay) မြို့၌ ကျင်းပရန် စီစဉ်ထားသည်။
◾️ မြန်မာ့အရေး အခြေအနေ
မေလ ထိပ်သီးအစည်းအဝေး မတိုင်မီ ဖိလစ်ပိုင်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ရပ်အောက်တွင် မြန်မာ့အရေး သက်ဆိုင်သူများအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်နေကြောင်း လာဇာရိုက ပြောကြားခဲ့သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်သူ လာဇာရိုက မြန်မာနိုင်ငံတွင် အစိုးရသစ်ဖွဲ့စည်းခြင်း အပါအဝင် ဖြစ်ပေါ်တိုးတက်မှုများကို မှတ်တမ်းတင်ထားပြီး ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
“အခုဆိုရင် သူတို့ဘက်က ထုတ်ပြန်ချက်အချို့ ရှိလာပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ၊ သမ္မတဟောင်းကို လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ဖို့ မျှော်လင့်ရတာတွေပေါ့။ ဒါတွေဟာ သူတို့ဘက်က အချက်အချို့ကို ပြသတာဖြစ်ပေမဲ့ သူတို့ဟာ ဘုံသဘောတူညီချက် ၅ ရပ်ကိုတော့ အပြည့်အဝ မလိုက်နာသေးပါဘူး” ဟု သူမက ဆိုသည်။
ထို့အပြင် မြန်မာ့အရေးကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ တစ်ခုတည်းသော မူဘောင်အဖြစ် ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း သူမက အလေးပေးပြောကြားခဲ့သည်။
◾️ တောင်တရုတ်ပင်လယ်ဆိုင်ရာ (COC) ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေ
ဖိလစ်ပိုင်၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုအောက်တွင် တောင်တရုတ်ပင်လယ်အတွင်း လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာမူဘောင် (COC) ကို ယခု ၂၀၂၆ ခုနှစ်အတွင်း အပြီးသတ်နိုင်ရန် အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား ပုံမှန်အစည်းအဝေးများ ဆက်လက်ကျင်းပနေကြောင်း လာဇာရိုက ပြောကြားခဲ့သည်။
အသေးစိတ်ကို ပြောကြားခြင်းမရှိသော်လည်း လက်ရှိဆွေးနွေးမှုများတွင် “တိုးတက်မှုအချို့” ရှိနေပြီဖြစ်ကြောင်း သူမက ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်မကတော့ အကောင်းမြင်တတ်သူတစ်ယောက်ဖြစ်သလို လက်တွေ့ကျကျ တွေးတောသူလည်း ဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်တို့အကြား ဒီ COC ကို ဒီနှစ်ကုန်မှာ အပြီးသတ်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ အခုဆိုရင် ညှိနှိုင်းသူတွေဟာ လစဉ်တွေ့ဆုံနေကြတာဖြစ်လို့ ဖြစ်နိုင်ခြေရှိပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလက စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးနောက်ပိုင်းတွင် တောင်တရုတ်ပင်လယ်အရေးအတွက် ဖေဖော်ဝါရီလက အင်ဒိုနီးရှား၌လည်းကောင်း၊ ယခုလအစောပိုင်းက တရုတ်နိုင်ငံ၌လည်းကောင်း လစဉ်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
Ref : PNA
