သက်တံ့
၂၄. ၄. ၂၀၂၆
ထိုင်းနိုင်ငံ မြောက်ပိုင်း ဖယောင်း (Phayao) ခရိုင်ရှိ ငှားရမ်းထားသော လုံခြုံဘေးကင်းရေးအိမ် (Safe House) တစ်လုံးအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့၏ ရှေ့ပြေးဖမ်းဆီးရမိမှုများမှတစ်ဆင့် ပိုမိုကြီးမားသော လူမှောင်ခိုဂိုဏ်း၏ လုပ်ဆောင်ချက်များကို သဲလွန်စရရှိခဲ့ပြီးနောက်၊ မွေဖယောင်း (Mueang Phayao) ခရိုင်၊ မယ်တမ်း (Mae Tam) တိုက်နယ်ရှိ အဆိုပါအိမ်ကို မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို မွေဖယောင်း ခရိုင်အုပ်ချုပ်ရေးမှူး Somchai Wongjiriyakasem က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ပြည်တွင်းလုံခြုံရေး တာဝန်ရှိသူများ ပါဝင်သော ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းအဖွဲ့များသည် အတင်းအဓမ္မ စေခိုင်းခံရသည့် အလုပ်သမားများနှင့် လူကုန်ကူးမှုဆိုင်ရာ ဆက်နွှယ်မှုများ ရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိသည်။
ဖမ်းဆီးခံရသူများတွင် ပအိုဝ်း၊ ရှမ်းနှင့် ကရင် အပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံမှ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၃၀ ဦး ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ၎င်းတို့ထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦးလည်း ပါဝင်နေသည်။
အခြေခံစစ်ဆေးမေးမြန်းချက်များအရ အဆိုပါအဖွဲ့သည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ခရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး “Sam” နှင့် “Palm” ဟု အမည်ရသော ပွဲစားများက ကူညီပေးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ဗန်ကားများ၊ ကိုယ်ပိုင်ကားများဖြင့် အဆင့်ဆင့် သယ်ယူလာခဲ့ပြီး ဘန်ကောက်မြို့နှင့် ဖိစနုလောက် (Phitsanulok) ခရိုင်ရှိ မီးရထားလမ်းအနီးရှိ နေရာများသို့ ဆက်လက်မထွက်ခွာမီ အဆိုပါအိမ်တွင် ခေတ္တထိန်းသိမ်းထားခြင်း ဖြစ်သည်။
၎င်းတို့အနေဖြင့် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်ငွေ ၈,၅၀၀ မှ ၁၀,၀၀၀ ကြား ပေးဆောင်ခဲ့ရကြောင်း ရွှေ့ပြောင်းလုပ်သားများက ပြောကြားခဲ့သည်။ အချို့တွင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် (Border Pass) များ ရှိသော်လည်း ထိုင်းဥပဒေအရ တရားဝင် ဝင်ရောက်နေထိုင်ခွင့် အထောက်အထားများ မရှိကြပေ။
လူကြီးများအားလုံးကို တရားမဝင် ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ဥပဒေကြောင်းအရ အရေးယူနိုင်ရန် မွေဖယောင်း ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပေးထားသည်။
အသက်မပြည့်သေးသူ ၃ ဦးကိုမူ နေရပ်ပြန်မပို့မီ ကာကွယ်စောင့်ရှောက်ရန်နှင့် လူကုန်ကူးခံရမှု ရှိ၊ မရှိ ဆန်းစစ်ရန်အတွက် ခရိုင်ကလေးသူငယ်နှင့် မိသားစုစောင့်ရှောက်ရေး စင်တာသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Ref : Khaosod
