




၂၄.၄.၂၀၂၆
Written By Thandar
Golden Heart Film Production က ဘဝအမောတွေပြေစေမယ့် Romantic Comedy ဇာတ်လမ်းပုံစံ “ကပ်ပူးလေး”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ သူဌေးတစ်ယောက်နဲ့ Bodyguard မလေးတစ်ယောက်ရဲ့ အချစ်၊ အလွမ်း၊ အကြမ်းလေးတွေနဲ့ ဟာသ ပေါင်းစပ်ထားတဲ့ Romantic Comedy ပုံစံလေး ရိုက်ကူးထားပါတယ်။ ပရိသတ်တွေ မြင်နေကြဖြစ်တဲ့ အေးအေးလေးနေတတ်တဲ့ ပိုးမမှီသာကို ခပ်လှုပ်လှုပ်ကာရိုက်တာလေး ပေးထားတယ်။ အဆိုတော်ကြီးနေဝင်းနဲ့ ကိုခင်လှိုင်ကိုတော့ နည်းနည်းဟာသပုံစံလေးနဲ့ သေချာလေး ရိုက်ကူးထားပါတယ်။ ဘယ်သူက ဘယ်သူ့ကို ကပ်ပူးမလဲဆိုတာလေးကို အက်ရှင်ပုံစံလေးနဲ့လည်း မြင်ရမှာပါ” လို့ ဒါရိုက်တာ စိုးမိုးမင်းက ပြောပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို စီစဉ်သူ ကိုတူး၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်း မင်းကိုစိုး (နတ်သံကွင်း)၊ DOP မင်းမင်းကျော်၊ ဒါရိုက်တာ စိုးမိုးမင်းက ပရိသတ်ကို ဘဝအမောပြေစေဖို့ ရသစုံတဲ့ Romantic Comedy ပုံစံလေး ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေဝင်း၊ ပိုးမမှီသာ၊ ဟိန်းသီဟ၊ ခြူးစစ်ဟန်၊ ဥဩသံသာ၊ ခင်လှိုင်၊ မင်းသူ၊ ဇော်ဝင်းနိုင်(မန်း)၊ သွက်လက်၊ မောင်ကင်း၊ ဝိုင်းဝိုင်းလည်၊ ရဲသူနဲ့ အခြား အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“ကပ်ပူးလေး”ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့် မေလ ၁ ရက် အလုပ်သမားနေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
