သက်တံ့
၂၄. ၄. ၂၀၂၆
အမေရိကန်အစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆင်၏ လူယုံတစ်ဦးဖြစ်သူ ချမ်းသာကြွယ်ဝသော အထက်လွှတ်တော်အမတ် ကော့ခ်အန် (Kok An) နှင့်အတူ အမေရိကန်နိုင်ငံသားများထံမှ ဒစ်ဂျစ်တယ်ငွေကြေးနှင့် အချစ်တုလိမ်လည်မှု (Crypto-Romance Scams) များဖြင့် ဒေါ်လာသန်းပေါင်းများစွာ ခိုးယူခဲ့သည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၈ ခုကို ကြာသပတေးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကော့ခ်အန်သည် သူ၏ နိုင်ငံရေးအဆက်အသွယ်များကို အသုံးချကာ လိမ်လည်မှုစင်တာ ကွန်ရက်များနှင့် အော်ပရေတာအမျိုးမျိုးကို အကာအကွယ်ပေးခဲ့ကြောင်း သိရသည်။ ထိုသူတို့သည် ခိုင်မာသော ချစ်ကြည်ရေး သို့မဟုတ် အချစ်ရေး ဆက်ဆံရေးများဖြင့် မြူဆွယ်ကာ ထိခိုက်လွယ်သော အမေရိကန်နိုင်ငံသားများကို ၎င်းတို့၏ စုဆောင်းငွေများအား ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု (Digital Assets) များအဖြစ် ပြောင်းလဲပေးပို့ရန် နားချခဲ့ကြသည်။ အကျိုးအမြတ်များစွာ ရရှိမည်ဟု ကတိပေးခဲ့သော်လည်း နောက်ဆုံးတွင် ထိုရန်ပုံငွေများကို အပြီးအပိုင် ခိုးယူခဲ့ကြခြင်းဖြစ်သည်။
အလားတူ ကော့ခ်အန်သည် Crown Resorts အပါအဝင် ကုမ္ပဏီများစွာနှင့် လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာ အဆောက်အအုံများ တည်ရှိရာ အခြားမြေနေရာများကို ပိုင်ဆိုင်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လူကုန်ကူးခံရသူများ၏ ပြောကြားချက်အရ ၎င်းတို့အပါအဝင် အခြားထောင်ပေါင်းများစွာသော လူများသည် ထိုအဆောက်အအုံဝင်းများအတွင်းသို့ ခေါ်ဆောင်ခံရပြီး အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ခံရကာ အမေရိကန်နိုင်ငံသားများထံမှ ငွေကြေးများကို ခိုးယူရန် အတင်းအကျပ် ခိုင်းစေခြင်းခံခဲ့ရကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။
“လိမ်လည်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့က Trump အစိုးရအတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခုပါ” ဟု ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့သလို”ဘယ်နေရာမှာပဲ လုပ်ကိုင်နေပါစေ၊ ဘယ်လောက်ပဲ အဆက်အသွယ်ကောင်းနေပါစေ ကြိုးစားပမ်းစား ရှာဖွေထားတဲ့ အမေရိကန်တွေရဲ့ ငွေကြေးဒေါ်လာ ဘီလျံပေါင်းများစွာကို ခိုးယူနေတဲ့ လိမ်လည်သူတွေနဲ့ လိမ်လည်မှုစင်တာတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက်ပစ်မှတ်ထား သွားမှာဖြစ်ပါတယ်။”ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
ယခုကိစ္စနှင့် ပတ်သက်၍ ကမ္ဘောဒီးယားသံရုံးထံမှ မှတ်ချက်တစ်စုံတစ်ရာ မရရှိသေးပေ။
Ref : Reuters
