
၂၄.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် က ဗြိတိန်(ယူနိုက်တက်ကင်းဒမ်း)အစိုးရအနေနဲ့ သူ့ရဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများအခွန် (DST) ကို မပယ်ဖျက်ပေးဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ ဗြိတိန်အပေါ် ကြီးလေးတဲ့စည်းကြပ်ခွန်တွေ ကောက်ခံမယ်လို့ ခြိမ်းခြောက်ခဲ့တယ်ဆိုပြီး The Telegraph သတင်းစာက ဧပြီလ ၂၄ ရက်မှာ သတင်းဖော်ပြခဲ့ပါတယ်။
သတင်းစာနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ထရမ့်ပ်က ထိုအခွန်က Apple၊ Google နဲ့ Meta တို့လို အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေကို မတရားပစ်မှတ်ထားတဲ့အခွန်အဖြစ် ရှုမြင်တယ်လို့ ပြောကြားခဲ့ပါတယ်။
သတင်းမှာ အခွန်က ဗြိတိန်ရဲ့ ရှာဖွေရေး ဆော့ဖ်ဝဲစနစ်တွေ၊ လူမှုမီဒီယာပလက်ဖောင်းတွေနဲ့ အွန်လိုင်းဈေးကွက်တွေရဲ့ ဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း ကောက်ခံတယ်လို့ ဖော်ပြထားပါတယ်။
ထရမ့်ပ်က “ခုလို အမေရိကန်ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အခွန်ကောက်ခံတာကို ကျွန်တော်မကြိုက်ဘူး။ ဘာလို့လဲဆိုတော့ အခြေခံအားဖြင့် ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့ အမေရိကန်ကုမ္ပဏီတွေအကြောင်း ပြောနေတာ။ သူတို့မကြိုက်တဲ့ ဒီကုမ္ပဏီတွေကို ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့က အမေရိကန်ကုမ္ပဏီတွေဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေဖြစ်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။
သူက “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လေ့လာနေပြီး ကျွန်တော်တို့အနေနဲ့ နစ်နာရတာကို ဗြိတိန်အပေါ် ကြီးမားတဲ့စည်းကြပ်ခွန်တစ်ခု ချမှတ်လိုက်ရုံနဲ့ အလွယ်တကူ ဖြည့်ဆည်းနိုင်ပါတယ်။ ဒါကြောင့် သူတို့ သတိထားသင့်ပါတယ်။ သူတို့က အခွန်ကို မလျှော့ချဘူးဆိုရင် ကျွန်တော်တို့ကလည်း ကြီးလေးတဲ့အခွန်တစ်ခု ချမှတ်ရုံပါပဲ” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။
သတင်းမှာ ဝင်ငွေနဲ့ အကောက်ခွန်ဌာနမှ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဗြိတိန်ရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများအခွန်ဟာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပေါင်စတာလင် ၉၄၄ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံခန့်) ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်ထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ သတင်းစာမှ ကိုးကားဖော်ပြထားတဲ့ တရားဝင် ခန့်မှန်းချက်တွေအရ အခွန်ရရှိမှုက နှစ်စဉ်မြင့်တက်လာတာမှာ ၂၀၃၀ ပြည့်နှစ်မှာ ပေါင်စတာလင် ၁ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလျံခန့်) ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
သတင်းအရတော့ ဗြိတိန်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာအခွန်သဘောတူညီချက်တစ်ခု ရရှိတဲ့အထိ အဆိုပါ အခွန်ကို ဆက်လက်ထားရှိမယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံအတွင်း သူတို့ရဲ့စီးပွားရေးလုပ်ဆောင်မှုတွေကို ထင်ဟပ်စေတဲ့ ပံ့ပိုးကူညီမှုတစ်ခု ပြုလုပ်တယ်လို့ သေချာစေမယ်ဆိုတာ ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။
မကြာသေးမီနှစ်တွေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပအကြား ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာအခွန်တွေနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။ အမေရိကန်အစိုးရက ထိုကဲ့သို့ အခွန်ကောက်ခံမှုတွေက အဓိကအားဖြင့် အမေရိကန်နည်းပညာကုမ္ပဏီတွေကို မတရား ပစ်မှတ်ထားတယ်လို့ စွပ်စွဲခဲ့ပြီး ဥရောပအစိုးရတွေကတော့ ဒစ်ဂျစ်တယ်ကုမ္ပဏီတွေအနေနဲ့ သူတို့ ဝင်ငွေရရှိတဲ့နေရာမှာ အခွန်ပေးဆောင်တယ်ဆိုတာ သေချာစေဖို့ ရည်ရွယ်တာလို့ တုံ့ပြန်ခဲ့ကြပါတယ်။
Ref-Xinhuanet
