



၂၄.၄.၂၀၂၆
Written By Thandar
CANAL+ ကိုယ်ပိုင်ဖန်တီးထားတဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ “မိုးကြွေတဲ့ဆောင်း” ဇာတ်လမ်းတွဲ Premiere Show ပွဲအခမ်းအနားကို ဧပြီ ၂၃ရက် ညနေပိုင်းက ရန်ကုန်မြို့က ကန်သာယာ မင်္ဂလာ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်က သားကိုအရမ်းချစ်တဲ့ ဖခင် ဦးထင်ကိုနေရာက သရုပ်ဆောင်ထားပါတယ်။ သာမာန်မိသားစုက ကြီးပြင်းလာပြီးတော့ ကျေးဇူးရှင်ရဲ့ သမီးကို လက်ထပ်ပေါင်းသင်း နေထိုင်ခဲ့သူပေါ့နော်။ ကိုယ့်အိမ် ထောင်ဘက် ဆိုးသွမ်းသမျှကိုလည်း မချစ်ပေမယ့် သည်းခံနေပြီး နေခဲ့သူကြီးလို့လည်း ပြောလို့ရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့တွေ့တော့မှ နည်းနည်းပေါ့။ အခက်အခဲတွေ တွေ့သွားတာလေးတွေ ပါပါတယ်”လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်ခိုင်၊ ဒါရိုက်တာသန့်ဇင်က သရုပ်ဆောင်တွေဖြစ်တဲ့ ပိုင်ဇေရဲထွန်း၊ ဗီတာမင်၊ အကယ်ဒမီ မယ်လိုဒီ၊ ဆောင်းဝတ်ရည်မေ၊ နှင်း၊ ကိုင်၊ လင်းယံဆက်၊ ရှင်ဖုန်းနွယ်၊ မေမြန်မာ၊ နန်းကေသရီ စတဲ့သူတွေနဲ့ အကောင်းဆုံး ရိုက်ကူးပုံဖော်ထားတာလည်း ဖြစ်ပါတယ်။
“တုတုနဲ့ ဗီတာက ခုမှ ဇာတ်လမ်းတွဲမှာ ပထမဆုံး စဆုံဖူးတဲ့ကားပါ။ မမနဲ့မောင်လေးနေရာက သရုပ်ဆောင်ထားတယ်။ မိန်းကလေးအများစု အားကျခြင်းတွေခံရတဲ့ စီးပွားရေးလုပ်ငန်းရှင် Motivational Speaker မျိုးမမနေရာက တုတုက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ လူတကာအားကျကြပေမယ့် ကိုယ်က မိသားစုမရှိဘဲ အထီးကျန်နေတဲ့သူပေါ့နော်။ တကယ်တော့ မျိုးမမ ကာရိုက်တာအရ အရမ်းလှနေရမယ့်သူဆိုတော့လေ။ ဒီကားထဲမှာ မောင်လေးတွေတော့ သဘောမကျဘူးပေါ့။ ဒါပေမယ့်အချစ်ကြီးသူတစ်ယောက်နေရာက တုတုက အကောင်းဆုံး ကြိုးစားထားပါတယ်။ တုတုရဲ့ သရုပ်ဆောင်မှုတွေ ပတ်သက်ပြီး Canal Plus က ထုတ်လွှင့်ရင် အားပေးကြပါလို့ပြောချင်ပါတယ် ”လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မက ပြောပါတယ်။
အပိုင်း ၂၀ စာပါဝင်တဲ့ “မိုးကြွေတဲ့ဆောင်း”ဇာတ်လမ်းတွဲကို လာမယ့် ဧပြီ ၂၇ ရက်မှစတင်ပြီ တနင်္လာနေ့ ကနေ သောကြာနေ့အထိ ည ၇ နာရီတိုင်းမှာ Canal + Zat Lenn က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
