
သက်တံ့
၁၉. ၄. ၂၀၂၆
ထိုင်းနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလလယ်အထိ ‘မြေဆီလွှာအဖျားရောဂါ’ (Soil Fever) ဟု လူသိများသည့် မယ်လီယိုအီဒိုးဆစ် (Melioidosis) ကူးစက်ရောဂါကြောင့် လူပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီးနောက် အဆိုပါကူးစက်ရောဂါအပေါ် အထူးဂရုပြုကြရန် ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်သားများအပါအဝင် ပြည်သူများကို သတိပေးလိုက်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ခံရသူ ၇၃၂ ဦး ရှိနေပြီး အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်သဖြင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မစ္စ လာလီဒါ ပီရီဆွီဝပ်တနာက စနေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါရောဂါသည် မြေဆီလွှာနှင့် ရေထဲတွင်ရှိသော Burkholderia Pseudomallei ဘက်တီးရီးယားကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ထိခိုက်ရှနာများမှတစ်ဆင့်သော်လည်းကောင်း၊ ပိုးပါဝင်သည့် ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း သို့မဟုတ် မသန့်ရှင်းသောရေကို သောက်သုံးမိခြင်းတို့မှတစ်ဆင့် ကူးစက်တတ်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် အဖြစ်အများဆုံးဖြစ်သည်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ အစီရင်ခံစာအရ ခွန်ကဲန်း၊ မဟာစာရာခမ်း၊ ရွိုင်အိက်နှင့် ကလာစင်ပြည်နယ်တို့တွင် ယခုနှစ်အတွင်း လူနာ ၆၈ ဦးရှိကာ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၅၀ နှင့်အထက် လူကြီးများတွင် ရောဂါကူးစက်မှု အများဆုံးတွေ့ရှိရကြောင်း သိရသည်။
ပတ်ဝန်းကျင်မှတစ်ဆင့် ကူးစက်တတ်သော မယ်လီယိုအီဒိုးဆစ် ရောဂါသည် ရုတ်တရက်ဖြစ်ပွားခြင်းမှသည် နာတာရှည်အဆင့်အထိ ရှိနိုင်ပြီး ပြင်းထန်စွာဖျားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် ဒဏ်ရာများ ရောင်ရမ်းပိုးဝင်ခြင်းတို့ ဖြစ်တတ်သည်။ အကယ်၍ ဘက်တီးရီးယားသည် သွေးကြောထဲသို့ ရောက်ရှိသွားပါက ပြင်းထန်သော သွေးဆိပ်တက်ခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်ပွားနိုင်သည်။
တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်သားများ၊ မြေဆီလွှာနှင့် ရေတို့နှင့် မကြာခဏ ထိတွေ့ရသူများ၊ ဆီးချို၊ ကျောက်ကပ်နှင့် သွေးအားနည်းရောဂါ (Thalassemia) အခံရှိသူများမှာ အန္တရာယ်ရှိနိုင်ခြေ မြင့်မားသည့်အုပ်စုတွင် ပါဝင်သည်။
ထို့ကြောင့် ရောဂါလက္ခဏာများကို လျစ်လျူမရှုဘဲ စောစီးစွာ ဆေးကုသမှုခံယူရန် လိုအပ်သလို၊ မြေဆီလွှာ သို့မဟုတ် ရေနှင့် မဖြစ်မနေ ထိတွေ့ရပါက လည်ရှည်ဘွတ်ဖိနပ်နှင့် လက်အိတ်ကဲ့သို့သော အကာအကွယ်ပစ္စည်းများကို မပျက်မကွက် ဝတ်ဆင်ကြရန် မစ္စ လာလီဒါက တိုက်တွန်းထားသည်။
Ref: Bangkok Post
