◾ ယနေ့ ရှင်းလင်းမှုတွင် AA အဖွဲ့ဝင်များအပါအဝင် လူတစ်ဒါဇင်ခန့်ဒဏ်ရာရဟုဆို




၁၉.၄.၂၀၂၆
Written By Min Thet
အကြမ်းဖက် AA အဖွဲ့ ယာယီထိန်းချုပ်ရာ ရခိုင် ပြည်နယ်မြောက်ပိုင်းကို တပ်မတော်က ရှင်းလင်းနေပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
AA အဖွဲ့များ စိုးမိုးရာဒေသဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာ ဝန်းကျင်သို့ ယနေ့ ဧပြီလ ၁၉ ရက်တွင် လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
“AA တွေက ရခိုင်အချင်းချင်းလည်းမညှာတာဘူး။ အရက်သောက်တယ်။ မူးယစ်ဆေးသုံးတယ်။ ကောင်မ လေးတွေကို ထိကပါးရိကပါးလုပ်တယ်။ ဆက်ကြေးကောက်တယ်။ ထင်တိုင်းကြဲ လုပ်ချင်ရာလုပ်နေကြ တာ။ အခုဆိုရင် ဒေသခံတွေက သတင်းပေးနေကြပြီ။အဲဒီဒေသမှာ AA အမာခံတွေက ဥပဒေမဲ့တွေ ဖြစ်နေကြပြီ။ ဒါကြောင့် သတင်းပေးသူတွေရှိနေတာပေါ့။ AA ကလည်း သတင်းပေးရှိတယ်ဆိုတာ သိလို့ အခုဆိုရင် အရင်ထက် ကြမ်းတမ်းနေတယ်”ဟု ရခိုင်ဒေသခံက MT News ကို ပြောသည်။
ယနေ့ ဗုံးကြဲ ရှင်းလင်းမှု ဖြစ်စဉ်အတွင်း AA အကြမ်းဖက်အဖွဲ့ဝင်များ အပါအဝင် လူပေါင်း တစ်ဒါဇင်ခန့် ဒဏ်ရာရသွားကြောင်းလည်း သိရသည်။
AA အကြမ်းဖက်များကို အားပေးသည့် မီဒီယာများက ဂျက်ဖိုက်တာ နှစ်စီးက ပေါင် ၅၀၀ ဗုံး လေးလုံးကို ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့သောကြောင့် သံဃာတော်သုံးပါး နှင့် စစ်ရှောင် ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပြီး AA အဖွဲ့ တပ်စွဲထားသည်ကို ဖုံးဖိ ဖော်ပြထားသည်။
“အဲဒီရွာမှာက AA အဖွဲ့ နေတာကဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာပါ။ ဆိုတော့ ကျွန်တော့်အမြင်က AA ကို ရှင်းလင်းတဲ့အခါ တခြားထိခိုက်စရာလည်း ရှိနိုင်တာပေါ့။ ဒါကြောင့် AA ရှိတဲ့ အရပ်မှာ မငြိမ်းချမ်း တာကြောင့် ရခိုင်တွေ နေရပ်စွန့်ခွာကြတာ အခုဆိုရင် ရခိုင်ပြည်နယ်မှာ ၄ ပုံ တစ်ပုံလောက်ပဲ ကျန်တော့မယ်ထင်တယ်”ဟု ယင်းဒေသခံက ပြောသည်။
အလားတူ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း AA အဖွဲ့များ အခြေချရာ နေရာတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲ ရှင်းလင်းခဲ့ကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးသတင်းနှင့် ပြန်ကြားရေးကော်မတီ အဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – Wai Hun Aung , Ponnagyun Youths Association
