◾ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၏ ခရီးစဥ်သည် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအစိုးရအဖြစ်သို့ ကူးပြောင်းအပြီး ပထမဆုံးလာရောက်သည့် အာဆီယံခေါင်းဆောင်အဖြစ်သာမက ထိုင်းနိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်ကို အသိအမှတ်ပြုသည့် အာဆီယံ၏ပထမဆုံးသောနိုင်ငံဖြစ်လာသည်ဟု ရှုမြင်ခံရ
သက်တံ့
၁၉. ၄. ၂၀၂၆
ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အစိုးရအဖွဲ့သစ်များ အသီးသီး ဖွဲ့စည်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) သည် လာမည့်အပတ်တွင် နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း အတွင်းသတင်းများအရ သိရသည်။
စီဟာဆက်၏ ခရီးစဉ်သည် သင်္ကြန်ကာလအတွင်း နိုင်ငံတော်သမ္မတသစ်ဦးမင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် အဂတိလိုက်စားမှုများ မဲမသမာမှုများဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များကို ငဲ့ညှာ လျှော့ပေါ့ပေးလိုက်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
ထို့အပြင် NLD လက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားပေါင်း ၄,၃၃၅ ဦးကိုလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငဲ့ညှာသနားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။
သတင်းရင်းမြစ်၏ ပြောကြားချက်အရ စီဟာဆက်သည် ဧပြီလ ၂၂ ရက်နေ့တွင် နေပြည်တော်၌ အစိုးရသစ်၏ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ အခြေအနေများကိုပါ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
စီဟာဆက်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရအဖြစ် ကူးပြောင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အာဆီယံခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုလွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုဖြင့် ယခုအခါ နိုင်ငံတော်သမ္မတတာဝန် ရယူထားသည်။
အာဆီယံအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် နေပြည်တော်အစိုးရကို အစဉ်တစိုက် တိုက်တွန်းလျက်ရှိသည်။
အာဆီယံအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုသည်ဟု ထုတ်ပြန်လာခြင်း မရှိသေးသော်လည်း စီဟာဆက်၏ ယခုခရီးစဉ်သည် ထိုင်းနိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်းနှင့် အလားတူသည်ဟု ရှုမြင်နိုင်မည်ဖြစ်သည်။
Ref: Thai PBS
