နေမိုး
၁၉. ၄. ၂၀၂၆
ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက် KNU နှင့် PDF တို့က ပစ်ခတ်သတ်ဖြတ်ကာ ရွှေလက်ဝတ်ရတနာများနှင့် ငွေကျပ်သိန်း ၉၀ ခန့်လုယက်သွားမှု တောင်ငူမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခု သတင်းထုတ်ပြန်သည်။
အကြမ်းဖက် KNU နှင့် NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၈ ရက် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘာနှောင်းကျေးရွာနေ ဦးနိုင်ဝင်း(၃၈)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဖြူနှင်း(၃၁)နှစ်နှင့်အတူ ကမ်းနီကျေးရွာအနီး ဒေသအခေါ် ကညင်နိုင်အင်းစောင်းရှိ တဲအိမ်၌ ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ တဲအိမ်အတွင်းရှိ လက်ကိုင်ဖုန်း နှစ်လုံး၊ ရွှေနားကပ် တစ်ရံ၊ ရွှေဆွဲကြိုး တစ်ကုံးနှင့် ငွေကျပ်သိန်း ၉၀ ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် လက်နက်မဲ့ပြည်သူများကို KNU နှင့် PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သူများကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
