


၁၉.၄.၂၀၂၆
Written by Linn Eain
နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၄၀၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှုအပေါ် လွတ်ငြိမ်းခွင့်ရရှိသူများနှင့် သက်ဆိုင်ရာမိသားစုဝင်များနည်းတူ ဝမ်းမြောက်ပီတိဖြစ်ကြောင်းနှင့် ဝမ်းမြောက်စွာကြိုဆိုကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က သတင်းထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၆)အရ မြန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့အရ နိုင်ငံတော်သမ္မတရုံးသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်က အမိန့်အမှတ် (၃၀/၂၀၂၆) ဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်းနှင့် ကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းပေးအပ်ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များနှင့် အညီ လုပ်ငန်းတာဝန်များကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြန်မာနှစ်သစ်မင်္ဂလာအခါသမယဖြစ်သော ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (ဧပြီလ ၁၇ ရက်)တွင် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်း ကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၃၉/၂ဝ၂၆)၊ အမိန့်အမှတ် (၄၀/၂ဝ၂၆)၊ အမိန့်အမှတ် (၄၁/၂၀၂၆) နှင့် အမိန့်အမှတ် (၄၂/၂ဝ၂၆) တို့ဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူများကို ယင်းတို့ကျခံနေရသော ပြစ်ဒဏ်အသီးသီးမှ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးမှ အကျဉ်းသား/ သူ ၄၃၃၅ ဦးကို စည်းကမ်း သတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ ပြစ်ဒဏ်ကျခံနေသည့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတို့ကို ယင်းတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းတို့ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရရှိသူများနှင့် ယင်းတို့၏ သက်ဆိုင်ရာမိသားစုဝင်များနည်းတူ ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်းနှင့် နိုင်ငံတော်၏လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်များသည် လူ့အခွင့်အရေး ရှုထောင့်နှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့် ရလဒ်များရရှိစေသည်ဖြစ်ရာ ကော်မရှင်အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
