








သက်တံ့
၁၉. ၄. ၂၀၂၆
သံဃာနှင့် လူ စုစုပေါင်း ၁၉ ဦး လိုက်ပါလာသည့် လိုက်ထရက်ဘွန်ဂိုယာဥ်နှင့် ခရီးသည်တင်ယာဥ် တိုက်မိရာမှ ကနဦးဖြစ်စဥ်တွင် ကိုရင်နှင့် သံဃာ ၆ ပါး ပျံလွန်ပြီး အမျိုးသားသုံးဦးသေဆုံးကာ ဆယ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းထုတ်ပြန်သော်လည်း လက်ရှိအချိန်တွင် စုစုပေါင်းသေဆုံးမှု ၁၃ ဦးအထိ ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ထရက်ယာဉ်တိုက်မိမှုကြောင့် လိုက်ထရက်ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် သံဃာ (၈)ပါး၊ ကိုရင်(၁)ပါး ပျံလွန်တော်မူသည့်အပြင် ကလေးငယ်တစ်ဦးနှင့် အမျိုးသား (၃)ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ထိုဖြစ်ရပ်မှာ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၆ ဦးနှင့် ကိုရင်တစ်ပါးအပါအဝင် သံဃာ ၁၃ ပါးလိုက်ပါလာသော ကျိုက်ထီးရိုးဘုရားဖူးအပြန် လိုက်ထရက်ဘွန်ဂိုယာဥ်သည် ကျိုက္ကော်ရှိအကောင်းကြိုက်ဆိုင်ကားဝင်းအနီးအရောက် မော်လမြိုင်ဘက်မှလာသော ရွှေလရောင် မန္တလာ Express ယာဥ်နှင့် ပါဂျဲရိုးကားချိတ်မိချိန် သံဃာများလိုက်ပါလာသော လိုက်ထရက်ဘွန်ဂိုက ရပ်ထားသော တက်စီကိုကျော်တက်ချိန် တိုက်မိပြီးနောက် ရွှေလရောင် မန္တလာ Express ယာဥ်နှင့် သံဃာနှင့် လူ ၁၉ ဦး လိုက်ပါလာသော လိုက်ထရက်ဘွန်ဂိုတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် သေဆုံးဒဏ်ရာရသူ များပြားခဲ့ခြင်းဖြစ်သည်။
“သေဆုံးဒဏ်ရာရတာက ကနဦးမှာ ၉ ဦးပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်နေရင်း ဆေးရုံပို့ချိန်မှာ ၃ ဦးထပ်မံကွယ်လွန်ခဲ့သလို ည ၁၁ နာရီမှာ ဆရာတော်တစ်ပါးထပ်ပြီးပျံလွန်သွားလို့ လိုက်ထရက်ဘွန်ဂိုယာဥ်ပေါ်ကတင် စုစုပေါင်းသေဆုံးသူ ၁၃ ဦးပါ။ ကျန်တဲ့ကားတွေက ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ သေဆုံးသွားတဲ့ လိုက်ထရက်ဘွန်ဂိုယာဥ်ပေါ်က ရဟန်းနဲ့သံဃာတွေကလည်း မော်လမြိုင်က ကိုအောင်မြင့်ကွမ်းယာဆိုင်က ဆိုင်ရှင်နဲ့ဝန်ထမ်းတွေ သင်္ကြန်ကာလ ပေါ်တော်မူဘုန်းကြီးကျောင်းမှာ ရဟန်းခံရှင်ပြုကြပြီး လူမထွက်ခင် ကျိုက်ထီးရိုးဘုရားဖူးသွားပြီးအပြန်ဖြစ်တာလို့ သိရပါတယ်” ဟု ပါဝင်ကူညီခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက နောက်ဆုံးသိရှိရသည့်အခြေအနေကို ပြောသည်။
