

နေမိုး
၁၉. ၄. ၂၀၂၆
နေအိမ်တွင်ရှိနေသည့် သားအဖနှစ်ဦးကို PDF နှစ်ဦးက လာရောက်ပစ်သတ်သဖြင့် ဖခင်ဖြစ်သူသေဆုံးကာ သမီးငယ်ဒဏ်ရာရရှိမှု တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် သင်္ကြန်အတက်နေ့က ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အိုးလုပ်ရပ်ကွက်နေ ဦးမိုက်ကယ်(ခ)မောင်လှ(၄၃)နှစ်သည် ၎င်း၏သမီးဖြစ်သူ မခိုင်သဇင်(၁၂)နှစ်နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးမိုက်ကယ်(ခ)မောင်လှတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မခိုင်သဇင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် KNU အပါအဝင် EAOs အဖွဲ့များက ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် ဖောက်ခွဲ သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
